သီရိလင်္ကာတွင် သမ္မတအိမ်တော် စီးနင်းခံရမှုနှင့် ဝန်ကြီးချုပ်နေအိမ် မီးရှို့ခံရမှုဖြစ်ခဲ့ပြီး‌နောက် သမ္မတနှင့်ဝန်ကြီးချုပ်တို့  ရာထူးမှ နုတ်ထွက်တော့မည်

သီရိလင်္ကာတွင် သမ္မတအိမ်တော် စီးနင်းခံရမှုနှင့် ဝန်ကြီးချုပ်နေအိမ် မီးရှို့ခံရမှုဖြစ်ခဲ့ပြီး‌နောက် သမ္မတနှင့်ဝန်ကြီးချုပ်တို့  ရာထူးမှ နုတ်ထွက်တော့မည်
ဇူလိုင် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများက ကိုလံဘိုမြို့တော်ရှိ သမ္မတ Gotabaya Rajapaksa ၏ အစိုးရအိမ်တော်သို့ ဇူလိုင်လ (၉) ရက်နေ့တွင် စီးနင်းဝင်ရောက်ခဲ့ကြသည်။ 

နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို စီမံခန့်ခွဲမှု လွဲမှားမှုအပေါ် လနှင့်ချီကြာ ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီးနောက် တစ်နိုင်ငံလုံးမှ ဆန္ဒပြသူများက ကိုလံဘိုမြို့သို့ စုရုံးချီတက်လာခဲ့ကြပြီး သမ္မတနှင့် ဝန်ကြီးချုပ် Ranil Wickremesinghe တို့ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများက သမ္မတအိမ်တော်ကို စီးနင်းဝင်ရောက်

ဆန္ဒပြသူများက သမ္မတအိမ်တော်ကို စီးနင်းဝင်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်၏ နေအိမ်ကို မီးရှို့ခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ Gotabaya က ဇူလိုင်လ (၁၃) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်တော့မည်ဟု ကြေညာလိုက်သည်။ 

ထို့အတူ ဝန်ကြီးချုပ် Ranil Wickremesinghe ကလည်း ရာထူးမှ နုတ်ထွက်ရန် သဘောတူလိုက်ကြောင်း သိရသည်။

သမ္မတအိမ်တော် စီးနင်းခံရစဥ်နှင့် ဝန်ကြီးချုပ်နေအိမ် မီးရှို့ခဲ့စဥ် ၎င်းတို့နှစ်ဦးလုံး နေအိမ်အဆောက်အအုံများတွင် ရှိမနေကြောင်းနှင့် ပို၍လုံခြုံသော နေရာတစ်ခုသို့ ရွှေ့ပြောင်းထားပြီဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။ 

အဆိုးဆုံး စီးပွားရေးအကျပ်အတည်းဆိုက်ပြီး ဘက်စုံချွတ်ခြုံကျနေသည့် သီရိင်္ကာတွင် နိုင်ငံခြားသုံးငွေ ပြတ်လပ်မှုကြောင့် ပြည်ပမှတင်သွင်းသည့် လောင်စာဆီ၊ အစားအစာနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် ပစ္စည်းများအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရသည်။

စံချိန်တင်ငွေကြေးဖောင်းပွမှု၊ ပြည်တွင်သုံးငွေ တန်ဖိုးကျဆင်းမှုနှင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများကို လနှင့်ချီကြာ ကြုံတွေ့နေခဲ့ကြရပြီး အထွေထွေအကျပ်အတည်းကြောင်း ဆန္ဒပြမှုများလည်း ဆက်တိုက်ပေါ်ပေါက်နေခဲ့သည်။

 ဇူလိုင်လ (၈) ရက်နေ့ကလည်း ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရေအမြောက်သုံးပြီး ဖြိုခွဲခဲ့သည်။ 

ထို့နောက် ဇူလိုင်လ (၈) ရက်နေ့ ညပိုင်းမှစပြီး သီရိလင်္ကာ၏ စီးပွားရေးမြို့တော် ကိုလံဘိုမြို့တွင် ကာဖျူးအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုသီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေတွင် ကြီးမားသည့် စုရုံးချီတက် ဆန္ဒပြပွဲကို စီစဥ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

 ဇူလိုင်လ (၉) ရက်နေ့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာက ကိုလံဘိုမြို့တော်သို့ လာရောက်စုရုံးကြပြီး တာဝန်ရှိသူများ၏ AFP သတင်းဌာနကို ပြောကြားမှုအရ အချို့က မြို့တော်သို့လာရောက်ရန် ရထားများကိုပင် ချောဆွဲလာခဲ့ကြသည်ဟု ဆိုသည်။

ဆန္ဒပြလူအုပ်စုကြီးက ကိုလံဘိုမြို့ရှိ အစိုးရရုံးများတည်ရှိရာ ခရိုင်အတွင်းသို့ စုရုံးချီတက်လာခဲ့ပြီး သမ္မတနုတ်ထွက်ရန် အပါအဝင် ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ 

ထို့နောက် သမ္မတ Gotabaya ၏ အစိုးရအိမ်တော်သို့ ရောက်ရှိရန် ရဲတပ်ဖွဲ့ အတားအဆီးများကို ချိုးဖျက်ကျော်ဖြတ်ခဲ့ကြသည်။ 

ရဲတပ်ဖွဲ့က မိုးပေါ်သို့ သေနတ်ထောင်ဖောက်ပြီး မျက်ရည်ယိုဗုံးများသုံးကာ ဒေါသထွက်နေသည့် ဆန္ဒပြလူအုပ်စုများ သမ္မတအိမ်တော်သို့ မဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြလူအုပ်စုအချို့ကို မတားဆီးနိုင်ခဲ့ဘဲ သမ္မတအိမ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့ကြသည်။

"သမ္မတကို ဘေးကင်းတဲ့နေရာ ပို့ဆောင်ထားပါတယ်။ သူက သမ္မတဖြစ်နေဆဲဖြစ်ပြီး သူ့ကို စစ်တပ်က ကာကွယ်ပေးထားပါတယ်" ဟု ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက AFP ကို ပြောခဲ့သည်။ 

Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် မှတ်တမ်းအရ သီရိလင်္ကာသမ္မတအိမ်တော်အတွင်း ရာနှင့်ချီသည့် ဆန္ဒပြသူများကို အခန်းများနှင့် လျှောက်လမ်းနေရာများတွင်လည်းကောင်း နောက်ထပ် ရာနှင့်ချီသည့် ဆန္ဒပြသူများကို အိမ်တော်အပြင်ဘက် ခြံဝင်းအတွင်း၌လည်းကောင်း တွေ့ခဲ့ရသည်။

BBC သတင်းဌာန၏ မှတ်တမ်းတွင် လူအများအပြားက သမ္မတအိမ်တော် ရေကူးကန်ထဲတွင် ရေဆော့နေခဲ့ကြသည်။ 

မတူညီသည့် နေရာများမှ ဆန္ဒပြသူများကလည်း သမ္မတ၏ရုံးခန်းကို စီးနင်းဝင်ရောက်နိုင်ခဲ့ကြပြီး ထိုရုံးခန်းမှာ လနှင့်ချီကြာ ဆန္ဒပြမှုများ၏ အဓိက အာရုံစိုက်ခဲ့သည့် နေရာဖြစ်သည်။ 

ဇူလိုင်လ (၉) ရက် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး လူ (၃၃) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ကိုလံဘိုမြို့ရှိ National Hospital of Sri Lanka ဆေးရုံတွင် ကုသပေးနေကြောင်း ဆေးရုံပြောခွင့်ရပုဂ္ဂိုလ်က BBC Sinhala သတင်းဌာနကို ပြောသည်။



သီရိလင်္ကာအာဏာပိုင်တွေက သီတင်းပတ်ကုန် ရက်များတွင် စီစဥ်ထားသော ယခု ဆန္ဒပြမှုများကို တားဆီးရန် ဇူလိုင်လ (၈) ရက် သောကြောနေ့ ညပိုင်းမှစပြီး ကိုလံဘိုမြို့တွင် ကာဖျူးအမိန့်ထုတ်ခဲ့သော်လည်း ဆန္ဒပြသူများက ဂရုမစိုက်ဘဲ လူမှုအဖွဲ့အစည်းများနှင့် အတိုက်အခံပါတီများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပြီးနောက် ကာဖျူးအမိန့်ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အကျပ်အတည်းကို ဆွေးနွေးရန် ဝန်ကြီးချုပ် Ranil Wickremesinghe က  သီရိလင်္ကာ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များကို အရေးပေါ်အစည်းအဝေး ဖိတ်ခေါ်ခဲ့သည်။ 

ထို့အတူ ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေး ခေါ်ယူရန်လည်း လွှတ်တော်ဥက္ကဌကို ပြောကြားခဲ့သည်ဟု ဆိုသည်။ 

သီရိလင်္ကာတွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဇွန်လ (၂၈) ရက်နေ့မှစပြီး ဘတ်စ်ကားများ၊ ရထားများနှင့် ဆေးဘက်ဆိုင်ရာနှင့် စားသောက်ကုန်သယ်ယူပို့ဆောင်ရေး ယာဥ်များကဲ့သို့ မရှိမဖြစ်လိုအပ်သော ယာဥ်များကလွဲပြီး အခြားယာဥ်များအားလုံးကို လောင်စာဆီရောင်းချပေးမှု ရပ်ဆိုင်းထားကြောင်း သိရသည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယနှင့် တရုတ်တို့ထံမှ ငွေကြေးအထောက်အပံ့ အပါအဝင် သမ္မတ Gotabaya ၏ ကြိုးပမ်းမှုများက ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုကို အဆုံးမသတ်နိုင်ခဲ့ပေ။

သီရိလင်္ကာသမ္မတက လောင်စာဆီ အကြွေးဖြင့် တင်သွင်းနိုင်ရေး ရုရှားသမ္မတထံ မေတ္တာရပ်ခံခဲ့ကြောင်း ၎င်း၏ Twitter တွင် ပြောထားသည်။ 

ထို့အတူ မော်စကိုမြို့နှင့် ကိုလံဘိုမြို့ကြား လေကြောင်းခရီးစဥ်များ ပြန်လည်စတင်ရန်အတွက်လည်း မေတ္တာရပ်ခံခဲ့သည်ဟု သမ္မတ Gotabaya ကဆိုသည်။ ရုရှားလေကြောင်းလိုင်း Aeroflot က ပြီးခဲ့သည့်လအတွင်း မော်စကို-ကိုလံဘို လေယာဥ်ခရီးစဥ်များကို ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်က အတန်အသင့် ချမ်းသာကြွယ်ဝခဲ့သည့် သီရိလင်္ကာနိုင်ငံတွင် အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေရမှုနှင့်အတူ ဆေးဝါးမှ ဂက်စ်အထိ အထွေထွေပြတ်လပ်မှုများ ဖြစ်ပေါ်နေရာ အများပြည်သူမှာ ချက်ပြုတ်ရန်အတွက် ထင်းမီးကို ပြန်အသုံးပြုလာကြရသည်။

နိုင်ငံ၏ စီးပွား‌ရေးအကျပ်အတည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ဖြစ်နေနိုင်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe က လွှတ်တော်တွင် ဇူလိုင်လ (၅) ရက်နေ့က ပြောခဲ့သည်။

"၂၀၂၃ မှာလည်း ကျနော်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါက အမှန်တရားပါ။ တကယ့်လက်တွေ့ပါ" ဟု ဝန်ကြီးချုပ်က ဆိုသည်။

သီရိလင်္ကာက ချွတ်ခြုံကျနေပြီဟုလည်း ဝန်ကြီးချုပ် Ranil က လွှတ်တော်တွင် ပြောခဲ့သည်။ တရားဝင်မဟုတ်သည့် သီရိလင်္ကာ၏ ငွေကြေးဖောင်းပွမှုမှာ ယခုအခါ ဇင်ဘာဘွေနိုင်ငံပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်နေပြီး ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူဦးရေ၏ (၈၀) ရာခိုင်နှုန်းမှာ အစားအစာ မဝယ်နိုင်တာကြောင့် အစားအစာ နပ်မမှန်ကြကြောင်း သိရသည်။

Source: BBC, Reuters