သီရိလင်္ကာတွင် မရှိမဖြစ်ယာဥ်များကလွဲပြီး အခြားယာဥ်အားလုံးကို လောင်စာဆီရောင်းချပေးမှု ရပ်ဆိုင်း

Photo: GETTY IMAGES
Photo: GETTY IMAGES
သီရိလင်္ကာတွင် မရှိမဖြစ်ယာဥ်များကလွဲပြီး အခြားယာဥ်အားလုံးကို လောင်စာဆီရောင်းချပေးမှု ရပ်ဆိုင်း
By Mr John

ဆယ်စုနှစ်များအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံတွင် မရှိမဖြစ် လိုအပ်သော ယာဥ်များကလွဲပြီး အခြားယာဥ်များအားလုံးကို လောင်စာဆီရောင်းချပေးမှု ရပ်ဆိုင်းထားတော့မည် ဖြစ်သည်။ 

ဇွန်လ (၂၈) ရက်နေ့မှစပြီး နောက် (၂) ပတ်အတွင်း ဘတ်စ်ကားများ၊ ရထားများနှင့် ဆေးဘက်ဆိုင်ရာနှင့် စားသောက်ကုန်သယ်ယူပို့ဆောင်ရေး ယာဥ်များကိုသာ လောင်စာဆီရောင်းချပေးတော့မည်ဟု ဆိုသည်။

မြို့ပြဧရိယာများအတွင်းရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားမည်ဖြစ်ပြီး နိုင်ငံ၏ လူဦးရေ (၂၂)သန်းကို နေအိမ်ကနေ အလုပ်လုပ်ကြရန် အစိုးရတာဝန်ရှိသူတွေက ပြောသည်။ 

တောင်အာရှဒေသတွင်းမှ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် ပြည်ပမှတင်သွင်းနေရသည့် လောင်စာဆီနှင့် အစားအစာများအတွက် ငွေပေးချေရန် ရုန်းကန်နေရပြီး ဘဏ္ဍာရေးအကူအညီရရှိရန် ဆွေးနွေးနေသည်။

၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ရေနံအကျပ်အတည်း ပေါ်ပေါက်ခဲ့စဥ်က အမေရိကန်နှင့် ဥရောပတွင် ဝယ်လိုအားလျှော့ချရန် လောင်စာဆီကို ခွဲတမ်းစနစ်ဖြင့် သတ်မှတ်ခဲ့သည့်နောက်ပိုင်း သီရိလင်္ကာက သာမန်ပြည်သူများကို လောင်စာဆီရောင်းချမှု ရပ်ဆိုင်းလိုက်သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်လာသည်ဟု Investec ကုမ္ပဏီ၏ ရေနံနှင့်ဓာတ်ငွေ့သုတေသနဌာန အကြီးအကဲ Nathan Piper က BBC သတင်းဌာနကို ပြောသည်။



၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် အဆိုးဆုံး စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာတွင် လောင်စာဆီ၊ လျှပ်စစ်ဓာတ်အားနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများကြား လူဦးရေ သန်းနှင့်ချီ ရုန်းကန်နေကြရပြီး အခြေအနေ ပိုဆိုးလာနေကြောင်းလည်း သိရသည်။

ဝန်ကြီးချုပ် Ranil Wickremesinghe က သီရိလင်္ကာ၏ စီးပွားရေးမှာ လုံးဝပြိုလဲသွားပြီဟု ဇွန်လ (၂) ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။

သီရိလင်္ကာအစိုးရက လောင်စာဆီချွေတာရန် ရည်ရွယ်ပြီး အပတ်စဥ် ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးတော့မည်ဟု ဇွန်လ (၁၂) ရက်နေ့တွင် ကြေညာခဲ့သည်။ 

ထို့အတူ လောင်စာဆီအသုံးပြုမှုလျှော့ချရန် အစိုးရဝန်ထမ်းများ၏ အလုပ်လုပ်ရက်ကို တစ်ပတ် (၄) ရက် လျှော့ချသတ်မှတ်ကြောင်း ဇွန်လ (၁၄) ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။ 

ယခုသီတင်းပတ်အတွင်း ဆက်လက် ကျင်းပရန်ရှိသည့် သီရိလင်္ကာလွှတ်တော် အစည်းအဝေးများကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ (၂၃) ရက်တွင် အစိုးရတာဝန်ရှိသူများက ပြောသည်။

သီရိလင်္ကာတွင် လောင်စာဆီချွေတာရန် အစိုးရရုံးများ၊ စာသင်ကျောင်းများကို ဇွန်လ (၂၀) ရက်နေ့ကတည်းက ပိတ်ထားခဲ့သည်။ 

ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ကာလရှည်ကြာ လောင်စာဆီပြတ်လပ်မှုကို မဖြေရှင်းနိုင်သေးဘဲ ယခုအခါတွင်မူ မရှိမဖြစ်လိုအပ်သော ယာဥ်များကလွဲပြီး လောင်စာဆီရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

သီရိလင်္ကာတွင် အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများ လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်ခဲ့ပြီး သမ္မတ Gotabaya Rajapaksa က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့သော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda က မေလ (၉) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ 

ထို့နောက် သမ္မတ Gotabaya Rajapaksa က အတိုက်အခံအုပ်စုမှ ဝါရင့်နိုင်ငံရေးသမား Ranil Wickremesinghe ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး မကြုံစဖူး စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်ရာတွင် နိုင်ငံကို ဦးဆောင်စေခဲ့သည်။

Source: BBC, CNN