ပါကစ္စတန်နိုင်ငံအတွင်း လုံခြုံရေး ထူထပ်သည့် ဗလီတစ်ခုတွင် အသေခံ ဗုံးခွဲမှုကြောင့် လူအနည်းဆုံး (၈၀)ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံအတွင်း လုံခြုံရေး ထူထပ်သည့် ဗလီတစ်ခုတွင် အသေခံ ဗုံးခွဲမှုကြောင့် လူအနည်းဆုံး (၈၀)ကျော် သေဆုံး
ဇန်နဝါရီ 31, 2023 | နိုင်ငံတကာသတင်း
By Mr John

 ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့တွင် လုံခြုံရေး ထူထပ်စွာချထားသည့် ခြံဝင်းတစ်ခုရှိ ဗလီ၌ ဇန်နဝါရီလ (၃၀) ရက်နေ့က ဝတ်ပြုသူအများအပြား စုရုံးရောက်ရှိနေစဥ် အသေခံ ဗုံးခွဲသမား၏ ဖောက်ခွဲမှုတိုက်ခိုက်ကြောင့် အနည်းဆုံး လူ (၈၃) ဦး သေဆုံးသွားကြောင်း သိရသည်။

 ယခုတိုက်ခိုက်မှုမှာ ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့တွင် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများအနက် နောက်ဆုံးဖြစ်ပွားသည့် တိုက်ခိုက်မှုလည်း ဖြစ်သည်။ 

ထိုမြို့တွင် အစ္စလာမ်မစ်စစ်သွေးကြွများ လှုပ်ရှားနေဆဲဖြစ်သည်။

ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ (၁၇၆) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အများအပြားမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဆေးရုံသတင်းရင်းမြစ်များက ပြောသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ဗလီတွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ကြောင်း ပြောခဲ့သည်။ 

ပက်ရှ်ဝါမြို့ ရဲတပ်ဖွဲ့အကြီးအကဲ Ijaz Khan ကလည်း "အသေခံဗုံးဖောက်ခွဲမှုတစ်ခု ဖြစ်ပါတယ်" ဟု Reuters သတင်းဌာနကို အတည်ပြုခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဗလီတွင် အနည်းဆုံး လူ (၄၀၀) ဦးအထိ အများအပြား စုရုံးရှိနေခဲ့ကြောင်း ရဲအရာရှိ Sikan Khan က ဆိုသည်။ 

ယခု ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည့် အဖွဲ့ မရှိသေးပေ။ 

မွန်းလွဲပိုင်း ဝတ်ပြုချိန်တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီ၏နံရံတစ်ခုက ဝတ်ပြုသူများအပေါ်သို့ ပြိုကျခဲ့ကြောင်း သိရသည်။

ထိုဗလီအဆောက်အအုံမှာ ပြည်နယ်ရဲတပ်ဖွဲ့နှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာနတို့၏ ဌာနချုပ်များရှိရာ လုံခြုံရေးအစောင့်အကြပ် ထူထပ်စွာချထားသည့် ခြံဝင်းတစ်ခုအတွင်း တည်ရှိသည်။ 

"အကြမ်းဖက်သမားက ရှေ့ဆုံးတန်းမှာ မတ်တပ်ရပ်နေခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်" ဟု ကာကွယ်ရေးဝန်ကြီး Khawaja Asif က Geo TV သတင်းဌာနကို ပြောသည်။

အသေခံဗုံးခွဲတိုက်ခိုက်သူက ပက်ရှ်ဝါမြို့ အနောက်မြောက်ပိုင်းရှိ ပြည်နယ်ရဲတပ်ဖွဲ့နှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာနတို့ တည်ရှိရာ "အနီရောင်ဇုန်" ခြံဝင်းအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင်ကြပ်နေသည့် အတားအဆီး ဂိတ်နေရာများတစ်ဆင့် ဖြတ်ကျော်လာခဲ့ပြီး ဝင်ရောက်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

သေဆုံး၊ ဒဏ်ရာရသူများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းလည်း သတင်းများက ဆိုသည်။

ပက်ရှ်ဝါမြို့မှာ ပါကစ္စတန်၏ မျိုးနွယ်စုခရိုင်များ အစွန်အဖျားတွင် တည်ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေကြောင်းနှင့် ပါကစ္စတန်တာလီဘန် အပါအဝင် စစ်သွေးကြွအုပ်စုများက မကြာခဏ ပစ်မှတ်ထားလေ့ရှိသည်။

Source: Reuters

Photo: REUTERS/Fayaz Aziz,