သီရိလင်္ကာသမ္မတက လောင်စာဆီဝယ်ယူရေး ရုရှားသမ္မတ ပူတင်ထံ အကူအညီတောင်း 

ရုရှား သမ္မတ ပူတင် နှင့် သီရိလင်္ကာသမ္မတ Gotabaya Rajapaks
ရုရှား သမ္မတ ပူတင် နှင့် သီရိလင်္ကာသမ္မတ Gotabaya Rajapaks
သီရိလင်္ကာသမ္မတက လောင်စာဆီဝယ်ယူရေး ရုရှားသမ္မတ ပူတင်ထံ အကူအညီတောင်း 
ဇူလိုင် 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 

၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေပြီး အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့် သီရိလင်္ကာနိုင်ငံတွင် သမ္မတက လောင်စာဆီတင်သွင်းနိုင်ရေး ကူညီပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ အကူအညီတောင်းခဲ့သည်ဟု ဆိုသည်။ 

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa က ပူတင်နှင့် အလွန်အကျိုးရှိသော ဆွေးနွေးမှုရှိခဲ့ကြောင်း ပြောသည်။

သီရိလင်္ကာ စွမ်းအင်ဝန်ကြီးက နိုင်ငံတွင် မကြာမီ ဓာတ်ဆီကုန်တော့မည်ဟု သီတင်းပတ်ကုန်ရက်များတွင် ပြောခဲ့ပြီးနောက် သမ္မတ Gotabaya က ရုရှားခေါင်းဆောင်ထံ လောင်စာဆီတင်သွင်းရေးကိစ္စ အကူအညီတောင်းခဲ့ခြင်းလည်း ဖြစ်သည်။ 

လက်ရှိ နိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ ရာနှင့်ချီသည့် ပြည်သူများက ဇူလိုင်လ (၆) ရက်နေ့တွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြောင်းလည်း သိရသည်။

သီရိလင်္ကာသမ္မတက လောင်စာဆီ အကြွေးဖြင့် တင်သွင်းနိုင်ရေး ရုရှားသမ္မတထံ မေတ္တာရပ်ခံခဲ့ကြောင်း ၎င်း၏ Twitter တွင် ပြောထားသည်။ 

ထို့အတူ မော်စကိုမြို့နှင့် ကိုလံဘိုမြို့ကြား လေကြောင်းခရီးစဥ်များ ပြန်လည်စတင်ရန်အတွက်လည်း မေတ္တာရပ်ခံခဲ့သည်ဟု သမ္မတ Gotabaya ကဆိုသည်။ 

ရုရှားလေကြောင်းလိုင်း Aeroflot က ပြီးခဲ့သည့်လအတွင်း မော်စကို-ကိုလံဘို လေယာဥ်ခရီးစဥ်များကို ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

"ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ယဥ်ကျေးမှုကဲ့သို့ ကဏ္ဍတွေမှာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေခြင်းက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် အဓိကကျတယ်ဆိုတာ ကျွန်တော်တို့ တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်"ဟု သီရိလင်္ကာသမ္မတက ပြောသည်။ 

သီရိလင်္ကာက အကျပ်အတည်းဆိုက်နေစဥ်အတွင်း လောင်စာဆီထောက်ပံ့မှု တိုးမြှင့်ရန် မကြာသေးမီက ရုရှားထံမှ ရေနံဝယ်ယူခဲ့သေးပြီး သမ္မတ Gotabaya အစိုးရက နောက်ထပ် ဝယ်ယူရန်ဆန္ဒရှိနေကြောင်း အချက်ပြခဲ့ခြင်းလည်း ဖြစ်သည်။

နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယနှင့် တရုတ်တို့ထံမှ ငွေကြေးအထောက်အပံ့ အပါအဝင် သမ္မတ Gotabaya ၏ ကြိုးပမ်းမှုများက ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုကို အဆုံးမသတ်နိုင်ခဲ့ပေ။

 ဇူလိုင်လ (၃) ရက်နေ့တွင်မူ သီရိလင်္ကာ စွမ်းအင်ဝန်ကြီး Kanchana Wijesekera က နိုင်ငံ၏ ဓာတ်ဆီသိုလှောင်ထားရှိမှုမှာ တစ်ရက်စာအတွက်ပင် မလုံလောက်တော့ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

သီရိလင်္ကာတွင် ဇွန်လ (၂၈) ရက်နေ့မှစပြီး နောက် (၂) ပတ်အတွင်း ဘတ်စ်ကားများ၊ ရထားများနှင့် ဆေးဘက်ဆိုင်ရာနှင့် စားသောက်ကုန်သယ်ယူပို့ဆောင်ရေး ယာဥ်များကဲ့သို့ မရှိမဖြစ်လိုအပ်သော ယာဥ်များကလွဲပြီး အခြားယာဥ်များအားလုံးကို လောင်စာဆီရောင်းချပေးမှု ရပ်ဆိုင်းထားတော့မည်ဟု အာဏာပိုင်တွေက ကြေညာထားခဲ့သည်။ 

သီရိလင်္ကာတွင် အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများလည်း လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်နေခဲ့သည်။

Source: BBC