ဘက်စုံချွတ်ခြုံကျနေသည့် သီရိလင်္ကာနိုင်ငံတွင် ချက်ပြုတ်ရန်အတွက် ထင်းမီး ပြန်သုံးရ

ဘက်စုံချွတ်ခြုံကျနေသည့် သီရိလင်္ကာနိုင်ငံတွင် ချက်ပြုတ်ရန်အတွက် ထင်းမီး ပြန်သုံးရ
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 

တစ်ချိန်က အတန်အသင့် ချမ်းသာကြွယ်ဝခဲ့သည့် သီရိလင်္ကာနိုင်ငံတွင် အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေရမှုနှင့်အတူ ဆေးဝါးမှ ဂက်စ်အထိ အထွေထွေပြတ်လပ်မှုများ ဖြစ်ပေါ်နေရာ အများပြည်သူမှာ ချက်ပြုတ်ရန်အတွက် ထင်းမီးကို ပြန်အသုံးပြုလာကြရသည်။ 

ယခုနှစ်စပိုင်းတွင် နိုင်ငံတဝန်း မီးဖိုချောင် ၁,၀၀၀ ကျော် ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ (၇) ဦး သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း သီရိလင်္ကာတွင် ထင်းမီးကို ပြောင်းလဲအသုံးပြုမှု စတင်လာခဲ့ကြကြောင်း သိရသည်။

မီးဖိုချောင်များ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ချက်ပြုတ်ရာတွင် အသုံးပြုရသည့် ဂက်စ်ပေးသွင်းသူများက ကုန်ကျစရိတ်သက်သာစေရန် ပရိုပိန်း (propane) ပါဝင်မှု အချိုးအစားကို တိုးမြှင့်ခဲ့ရာမှ ဂက်စ်အိုး၏ ဖိအားက အန္တရာယ်ရှိအဆင့်သို့ မြင့်တက်သွားခဲ့ခြင်းကြောင့်ဟု ဆိုသည်။ 

သို့သော် ယခုအခါတွင်မူ လူဦးရေ (၂၂) သန်းရှိသည့် သီရိလင်္ကာတွင် ဂက်စ်ဝယ်၍ မရတော့ခြင်း သို့မဟုတ် လူအများအစုအတွက် အလွန်အမင်း ‌ဈေးကြီးခြင်းတို့ကြောင့်လည်း ထင်းမီးကို ပြန်အသုံးပြုလာကြရသည်။

အချို့က ရေနံဆီမီးဖိုများ ပြောင်းလဲအသုံးပြုရန် ကြိုးစားခဲ့ကြသော်လည်း အစိုးရထံတွင် အမေရိကန်ဒေါ်လာမရှိတာကြောင့် ဓာတ်ဆီ၊ ဒီဇယ်တို့နှင့်အတူ လောင်စာဆီတင်သွင်းနိုင်ခြင်းမရှိရာ ရေနံဆီမှာလည်း ပြတ်လပ်နေပြီ ဖြစ်သည်။ 

လျှပ်စစ်မီးဖို ဝယ်ယူအသုံးပြုရန် စီစဥ်သူတွေမှာလည်း အစိုးရက ဒေါ်လာမရှိတာကြောင့် ဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သည့် လောင်စာဆီတင်သွင်းနိုင်ခြင်းမရှိရာ အချိန်ရှည်ကြာ ဓာတ်အားဖြတ်တောက်မှုများ ကြုံနေခဲ့ရသည်။

သီရိလင်္ကာမှာ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံဖြစ်ခဲ့ပြီး ၎င်း၏ ကဏ္ဍအလိုက် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု GDP (Gross Domestic Product) က ဖိလစ်ပိုင်နိုင်ငံနှင့် ယှဥ်နိုင်ပြီး လူနေမှုအဆင့်အတန်းကို အိမ်နီးချင်း အိန္ဒိယနိုင်ငံက အားကျစရာပင် ဖြစ်ခဲ့ဖူးသည်။ 

သို့သော် စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားခြင်းနှင့် COVID-19 ကပ်ရောဂါကြောင့် အရေးပါသည့် ခရီးသွားလုပ်ငန်းထိခိုက်ခဲ့ခြင်းတို့နှင့်အတူ နိုင်ငံတွင် ပြည်ပသွင်းကုန် အများစုအတွက် ပေးချေရန်လိုအပ်သော ဒေါ်လာမရှိတော့သည့် အခြေအနေဖြစ်လာခဲ့သည်။

နိုင်ငံ၏ စီးပွား‌ရေးအကျပ်အတည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ဖြစ်နေနိုင်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe က လွှတ်တော်တွင် ဇူလိုင်လ (၅) ရက်နေ့က ပြောခဲ့သည်။ 

"၂၀၂၃ မှာလည်း ကျွန်တော်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါက အမှန်တရားပါ။ တကယ့်လက်တွေ့ပါ" ဟု ဝန်ကြီးချုပ်က ဆိုသည်။ 

သီရိလင်္ကာက ချွတ်ခြုံကျနေပြီဟုလည်း ဝန်ကြီးချုပ် Ranil က လွှတ်တော်တွင် ပြောခဲ့သည်။

တရားဝင်မဟုတ်သည့် သီရိလင်္ကာ၏ ငွေကြေးဖောင်းပွမှုမှာ ယခုအခါ ဇင်ဘာဘွေနိုင်ငံပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်နေပြီး ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူဦးရေ၏ (၈၀) ရာခိုင်နှုန်းမှာ အစားအစာ မဝယ်နိုင်တာကြောင့် အစားအစာ နပ်မမှန်ကြကြောင်း သိရသည်။ 

စီးပွားရေးအကျပ်အတည်း မကြုံရမီက သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့တွင် အိမ်ထောင်စုအားလုံးနီးပါးက ဂက်စ်အသုံးပြုပြီး ချက်ပြုတ်ကြသည်ဟု ဆိုသည်။

သို့သော် ယခုအခါတွင်မူ ထင်းများ အကြီးအကျယ် ရောင်းကောင်းနေကြောင်း အသက် (၆၀) နှစ်အရွယ် ထင်းခုတ်သမား Selliah Raja က ပြောသည်။ 

ယခင်က ထင်းမီးသုံးသည့် စားသောက်ဆိုင်တစ်ဆိုင်အတွက်သာ ရောင်းချပေးခဲ့ရသော်လည်း ယခုအခါ ဝယ်သူများလွန်းတာကြောင့် ဝယ်လိုအားကို မဖြည့်ဆည်းနိုင်ဖြစ်လာကြောင်း ၎င်းက AFP သတင်းဌာနကို ပြောခဲ့သည်။

Source: AFP, CNN

Photo:  Ishara S. KODIKARA / AFP