ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် သွားမည့်သူများ ကျန်းမာရေးထောက်ခံချက်နှင့် ဒေါ်လာ တစ်သိန်း ကျန်းမာရေး အာမခံလိုအပ်

ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် သွားမည့်သူများ ကျန်းမာရေးထောက်ခံချက်နှင့် ဒေါ်လာ တစ်သိန်း ကျန်းမာရေး အာမခံလိုအပ်
မတ် 19, 2020
By Tachileik News Agency
ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် သွားမည့်သူများ ကျန်းမာရေးထောက်ခံချက်နှင့် ဒေါ်လာ တစ်သိန်း ကျန်းမာရေး အာမခံလိုအပ်

ထိုင်းနိုင်ငံသို့ နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ပျံသန်းသည့် လေယာဉ်ခရီးစဉ်အား စီးနင်းမည့် ထိုင်းနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း (၇၂) နာရီအတွင်း ရယူထားသည့် ကျန်းမာရေးထောက်ခံချက်နှင့် အနည်းဆုံး အမေရိကန် ဒေါ်လာတစ်သိန်းရှိသည့် ကျန်းမာရေးအာမခံ လိုအပ်ကြောင်း ထုတ်ပြန်လိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုရှိနေသည့် ပြင်သစ်၊ စပိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဆွီဒင်၊ ဗြိတိန်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့မှလာမည့် နိုင်ငံခြားသားနှင့် ထိုင်းနိုင်ငံသားအားလုံး အဆိုပါ အထောက်အထားပြည့်စုံမှ လေယာဉ်ခရီးစဉ် စီးနင်းခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကန့်သတ်ခြင်းမှာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် အစိုးရ၏လုပ်ဆောင်ချက်ကို အထောက်အကူဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထိုင်းအရပ်ဘက်ဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် ကြေညာလိုက်သည်။

ယင်းအပြင် တရုတ်၊ ဟောင်ကောင်၊ အီရန်၊ အီတလီ၊ မကာအိုနှင့် တောင်ကိုရီးယားတို့မှ လာရောက်သူတိုင်း (၁၄) သီးခြားစောင့်ကြည့်မှုအောက်တွင် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် (၁၄)ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်မားနေသည့် နိုင်ငံများသို့ သွားရောက်ခဲ့ခြင်းရှိ၊ မရှိကို လေကြောင်းလိုင်းက အချက်အလက်ရယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း လာရောက်သူများအနေဖြင့် ထိုင်းနိုင်ငံတွင်း ၎င်းတို့နေထိုင်ရာနေရာများကို အသိပေးထားရမည်ဖြစ်ပြီး လေယာဉ်များတွင်လည်း ခရီးသည်များကို ရောဂါမကူးစက်စေရန် လုံလောက်သည့် အကွာအဝေး စီစဉ်ပေးထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ ခရီးသည်တင်ဆောင်လာပါက အဆိုပါ ခရီးသည်အား သီးခြားစောင့်ကြည့်ခြင်း၊ ကုသခြင်းများစသည့် ရောဂါထိန်းချုပ်ရေး လုပ်ဆောင်ရသည့် ကုန်ကျစရိတ်အားလုံးကို လေကြောင်းလိုင်းက ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ရောဂါထိန်းချုပ်ရေးအတွက် လေကြောင်းလိုင်းများနှင့်ပတ်သက်၍ လိုအပ်ပါက သီးခြားစောင့်ကြည့်ခြင်း ဆောင်ရွက်နိုင်ရန် အရပ်ဘက်ဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့ကို လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မတ်လ (၁၇)ရက်နေ့မှစ၍ အတည်ပြုလူနာတွေ့ရှိမှု တရှိန်ထိုးတိုးလာရာ မတ်လ (၁၉) ရက်နေ့တွင် အတည်ပြုလူနာအသစ် (၆၀)ဖြင့် အတည်ပြုလူနာပေါင်း (၂၇၂)ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ရောဂါကူးစက်ခံရသူများတွင် အားကစားခန်းမ၊ နိုက်ကလပ်၊ ဘားစသည့်နေရာများ၊ ဘာသာရေးအခမ်းအနားများ သွားရောက်သူများလည်း ပါဝင်သည်ကို တွေ့ရပြီး ကူးစက်ခံရမှုအခြေအနေမှာ တတိယအဆင့်ရောက်လာနိုင်သဖြင့် ခရီးသွားလာခြင်းအား တားမြစ်ခြင်းအပါအဝင် အစိုးရအနေဖြင့် ကန့်သတ်မှုများ ပိုမိုလုပ်ဆောင်ရန် ကျန်းမာရေးဌာနက အကြံပြုထားကြောင်း သိရသည်။

Tachileik News Agency
သတင်း ဇာနှင်း
Source: Bangkok Post, Khaosod


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~