လာအိုဘက်မှ နေရပ်ပြန်မည့် မြန်မာများကို ပစ္စည်းသယ်ယူခွင့် တာချီလိတ်ဘက်က ကန့်သတ်ထား၍ အခက်အခဲ ဖြစ်နေ

လာအိုဘက်မှ နေရပ်ပြန်မည့် မြန်မာများကို ပစ္စည်းသယ်ယူခွင့် တာချီလိတ်ဘက်က ကန့်သတ်ထား၍ အခက်အခဲ ဖြစ်နေ

လာအိုနိုင်ငံဘက်မှ နေရပ်ပြန်မည့် မြန်မာများကို တာချီလိတ်ဘက်က ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထား၍ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ဒီဘက်က ပစ္စည်းအထုပ်တွေကို တစ်ယောက် (၂)ထုပ်ပဲ သယ်ရမယ်တဲ့။ အဲဒါက ဘယ်လိုမှ အဆင်မပြေဘူးလေ။ အခုက ဝယ်ယူစုဆောင်းထားတဲ့ ပစ္စည်းလေးတွေက ထပ်ပြီးဆုံးရှုံးရပြန်အုံးမယ်။ သူတို့စီစဉ်ပေးတဲ့ကား အခက်အခဲဖြစ်ရင်လည်း ကိုယ့်ဘာသာ ကားတင်ပါမယ်ဆိုတော့လည်း မြန်မာဘက်ကမ်းက  သယ်ခွင့်မပေးတာလို့ ပြောပါတယ်။ ပစ္စည်းတွေဆိုတာကလည်း မိသားစုတစ်ခု ချက်ပြုတ်စားသောက်စရာ၊ အသုံးအဆောင်လေးတွေပါ။ ပြန်ထူထောင်ဖို့ကလည်း မလွယ်ဘူးလေ။ ဆိုင်ကယ်တွေက တရားမဝင်လို့ မသယ်ရဘူးဆိုတော့ မသယ်ပါဘူး။ ကျန်တဲ့ပစ္စည်းလေးတွေတော့ သယ်ခွင့်ပေးစေချင်ပါတယ်

ဟု လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ပြောသည်။

လာအိုဘက် မိုင်းမောဆိပ်ကမ်းမှ တာချီလိတ်ဘက် ဝမ်ပုံဆိပ်ကမ်းသို့ မဲခေါင်မြစ်ကိုဖြတ်၍ နေရပ်ပြန်လာသည့် မြန်မာလုပ်သား မိသားစုများအား ယခင်က ပစ္စည်းသယ်ယူခြင်းကို ကန့်သတ်ခြင်း မရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအုပ်ချုပ်ရေးက ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်လာသည်ကို တွေ့ရသည်။

ကိုယ့်စရိတ်နဲ့ကိုယ် သယ်ဆိုလည်း သယ်ပါမယ်။ စက်လှေလေး ဖြတ်သယ်ရုံပဲ။ ဟိုဘက်ကမ်းရောက်တော့ ကိုယ့်ဘာသာစရိတ်ကုန်ခံ ကားတင်ဆိုလည်း တင်ပါမယ်။ အခု ဒီဘက်ကားသမားကပြောတာ ဟိုဘက်က မြန်မာလူကြီးတွေက လက်မခံတာတဲ့။ ဟိုတစ်ခါကလည်း နေရပ်ပြန်တွေ ဆိုင်ကယ်သယ်သွားလို့ဆိုပြီး စက်လှေနဲ့ဒီဘက်ကမ်း ပြန်တင်ပေးလိုက်တာ အကုန်ဆုံးရှုံးကြရတယ်။ ဆိုင်ကယ်က သယ်မရဘူးဆိုတော့ ရရာဈေးနဲ့ မတရားအနှိမ်ခံပြီး ရောင်းထားခဲ့ကြပြီ။ ကျန်တဲ့ ကိုယ့်စုဆောင်းထားတာလေးတွေတော့ သယ်ခွင့်ပေးကြပါလို့ တာဝန်ရှိသူတွေကို ပြောချင်ပါတယ်။ ဒါလူတိုင်းကတောင်းဆိုတဲ့ဆန္ဒပါ

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လာအိုဘက်မှ ထောင်နှင့်ချီသောနေရပ်ပြန်များမှာ မြန်မာဘက်တွင် စစ်တပ်ကအာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးနောက် ဇူလိုင်လကုန်မှစကာ မြန်မာဘက်က စတင်လက်ခံခဲ့ခြင်းဖြစ်သည်။



ယင်းကဲ့သို့ လက်ခံရာတွင်လည်း တစ်သုတ်လျှင် လူဦးရေ (၂၀၀) နှုန်းဖြင့် လက်ခံနေ၍ ထောင်နှင့်ချီသောလူများ နေရပ်ပြန်ရန် ကြန့်ကြာနေသဖြင့် တစ်သုတ်လျှင် လူဦးရေ (၄၀၀) သို့တိုး၍ လက်ခံရန် ယမန်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့က လာအိုနိုင်ငံ ဘိုကျောက်ခရိုင် ဒုအုပ်ချုပ်ရေးက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းပြီးနောက် နေရပ်ပြန် (၄၀၀)ကို မိမိစရိတ်ဖြင့် လက်ခံရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း

လာအိုနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသားများကို  တာချီလိတ်၌ တစ်ကြိမ်လျှင် (၄၀၀)ဦးအထိ တိုး၍ လက်ခံပေးသွားမည် ဖြစ်သော်လည်း စရိတ်ကိုတော့  ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်း သတ်မှတ်