ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသူများနှင့် နောက်ဆက်တွဲ ဆိုးကျိုးခံစားရသူများအတွက် အစိုးရက ဘတ်သန်း(၁၀၀)ကျော် လျော်ကြေးပေးထားရ

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသူများနှင့် နောက်ဆက်တွဲ ဆိုးကျိုးခံစားရသူများအတွက် အစိုးရက ဘတ်သန်း(၁၀၀)ကျော် လျော်ကြေးပေးထားရ
စက်တင်ဘာ 5, 2021 | နိုင်ငံတကာသတင်း| Covid-19

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားသူ (၂၂၂) ဦးအပါအဝင် ပြင်းထန်သည့် နောက်ဆက်တွဲ ဆိုးကျိုးခံစားရ သူများအတွက် အစိုးရက ဘတ်သန်းပေါင်း (၁၁၀) ကျော် လျော်ကြေးပေးထားရကြောင်း သိရသည်။

COVID 19 ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးခံစားရသူ (၂၈၇၅) ဦးကို  ထိုင်းအစိုးရအနေဖြင့် လျော်ကြေး (၁၁၀,၂၉၅,၀၀၀) ကို လျော်ကြေးပေးဆောင်ထားရသည်ဟု ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူက ထုတ်ဖေါ်ပြောကြားထားကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားခြင်းဖြစ်သည်။

ကာကွယ်ဆေး၏ ထိခိုက်ခံစားရမှုအပေါ်မူတည်၍ လျော်ကြေးငွေကို သတ်မှတ်ခြင်းဖြစ်သည်ဟု သိရသည်။

ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ပုံမှန်ဆေးဝါးကုသမှုခံယူရန်လိုအပ်သူ (၂၆၄၁)ဦးကို တစ်ဦးလျှင် လျော်ကြေးငွေ ဘတ် (၁) သိန်းစီနှင့် မသန်စွမ်းဖြစ်သွားသူ (၁၂)ဦးအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ဘတ် (၂၄၀,၀၀၀)နှင့် သေဆုံးသွားသူ (၂၂၂) ဦးအတွက် တစ်ဦးလျှင် ဘတ် (၄)သိန်းနှုန်းစီ လျော်ကြေးပေးထားခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်ဆေး၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးခံစားရသူများ၏ လျော်ကြေးတောင်းခံလွှာတင်သွင်းခြင်းကို မေလ (၁၉) ရက်နေ့မှစ၍ လက်ခံလာရာ လျော်ကြေးတောင်းခံသူ (၃၈၈၈)ကို လက်ခံရရှိထားကြောင်း သိရသည်။



Source: Bangkok Post