အီရန်တွင် ရဲ၏ ဖမ်းဆီးခြင်းကို ခံရသည့် အမျိုးသမီး တစ်ဦး သေဆုံးသွားမှုကြောင့် ဆန္ဒပြမှု ပိုမိုပြင်းထန်လာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာ

အီရန်တွင် ရဲ၏ ဖမ်းဆီးခြင်းကို ခံရသည့် အမျိုးသမီး တစ်ဦး သေဆုံးသွားမှုကြောင့် ဆန္ဒပြမှု ပိုမိုပြင်းထန်လာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာ
စက်တင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံတွင် အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်း ခြင်းကို ခံထားရသည့် အမျိုးသမီးတစ်ဦး သေဆုံးသွား၍ ဆန္ဒပြမှုများ ပိုမိုပြင်းထန် ကျယ်ပြန့်လာပြီး စက်တင်ဘာလ (၂၂) ရက်နေ့တွင် တီဟီရန်မြို့နှင့် အခြား အီရန်မြို့ကြီးများ၌ ဆန္ဒပြသူများက ရဲစခန်းများကို မီးရှို့ခဲ့ကြကြောင်းနှင့် သေဆုံးသူအရေအတွက် မြင့်တက်လာကြောင်း သိရသည်။

အီရန်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းက စက်တင်ဘာလ (၂၂) ရက်နေ့တွင် ပြောကြားမှုအရ လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ (၁၇) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

သို့သော် နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် Iran Human Rights (IHR) လူ့အခွင့်အရေးအုပ်စုကမူ လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းမှုအတွင်း အနည်းဆုံး အရပ်သား (၃၁) ဦး သေဆုံးခဲ့ကြောင်း ပြောသည်။ 

IHR ၏ အဆိုအရ အီရန်နိုင်ငံတဝန်း မြို့ပေါင်း (၃၀) ကျော်တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အီရန်တွင် Mahsa Amini အမည်ရှိ အမျိုးသမီး သေဆုံးမှုအပေါ် ဆန္ဒပြမှုများ (၆) ည ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။ 

အသက် (၂၂) နှစ်အရွယ် Amini မှာ မိသားစုနှင့်အတူ စက်တင်ဘာလ (၁၃) ရက်နေ့က တီဟီရန်မြို့သို့ လာရောက်စဥ် မသင့်လျော်စွာ ဝတ်စားဆင်ယင်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်အတွင်း သေဆုံးသွားခဲ့သည်။ 

Amini မှာ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် ကိုမာဝင်သွား (သတိလစ်မေ့မြော) ခဲ့သည်။ 

အီရန်အာဏာပိုင်တွေက Amini သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမည်ဟု ပြောခဲ့သည်။

ထိုဖြစ်ရပ်ကို ကြားသိကြရပြီးနောက် အီရန်ပြည်သူများကြား အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း အစ္စလာမ်မစ်သမ္မတနိုင်ငံတွင် အဆိုးဆုံး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

 ဆန္ဒပြမှုအများစုမှာ ကာဒစ် (Kurdish) လူမျိုးအများစု နေထိုင်ကြရာ အီရန်အနောက်မြောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ပြီး မြို့တော် တီဟီရန်မြို့နှင့် နိုင်ငံတဝန်း အနည်းဆုံး မြို့ကြီးမြို့ငယ် (၅၀) သို့ ပျံ့နှံ့သွားခဲ့သည်။ 

အာဏာပိုင်များက အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ရဲတပ်ဖွဲ့က ဆန္ဒပြမှုများကို အင်အားသုံးဖြိုခွင်းခဲ့ရာ ယခုအချိန်အထိ ဆန္ဒပြသူ (၈) ဦး သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

 ရဲတပ်ဖွဲ့က၏ ဖမ်းဆီးခံရပြီး သေဆုံးသွားသည့် Amini ၏ ဖခင် Amjad Amini က သမီးဖြစ်သူ သေဆုံးမှုနှင့်ပတ်သက်၍ အာဏာပိုင်များက လိမ်ညာပြောနေကြောင်း နှင့် သေဆုံးခဲ့သည့် သမီးဖြစ်သူကို ဆရာဝန်များက ကြည့်ရှုခွင့်မပေးခဲ့ကြကြောင်းလည်း ၎င်းကပြောသည်။

"သူတို့ လိမ်နေကြတာ။ သူတို့က လိမ်လည်ပြောဆိုနေကြတာ။ အားလုံးက လိမ်လည်တာတွေချည်းပဲ။ ကျွန်တော်ဘယ်လိုပဲ တောင်းပန် တောင်းပန် သူတို့က ကျွန်တော့် သမီးကို ကြည့်ခွင့်မပေးကြဘူးဗျာ" ဟု Amjad Amini က BBC Persia သတင်းဌာနကို စက်တင်ဘာလ (၂၁) ရက်နေ့တွင် ပြောသည်။ 

Amini ၏ အလောင်းကို ခြေဖဝါးနှင့် မျက်နှာကလွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးအား ထုပ်ပိုးထားသော်လည်း ခြေဖဝါးတွင် ပွန်းပဲ့နေသည်ကို သတိပြုမိသည်ဟု ၎င်းကဆိုသည်။ 

"သူတို့ သူမကို ဘာလုပ်လိုက်ကြသလဲ မသိဘူးဗျာ" ဟုလည်း Amjad Amini က ပြောသည်။

အီရန်တွင်ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း အစိုးရကို ထောက်ခံသည့် အရန်တပ်ဖွဲ့ Basij မှ အဖွဲ့ဝင်တစ်ဦး နိုင်ငံအရှေ့မြောက်ပိုင်း Mashhad မြို့တွင် စက်တင်ဘာလ (၂၁) ရက်နေ့က ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသည့် အီရန်သတင်းဌာန (၂) ခုဖြစ်သည့် Tasnim နှင့် Fars သတင်းဌာတို့က စက်တင်ဘာလ (၂၂) ရက်နေ့တွင် ဖော်ပြသည်။

နောက်ထပ် Basij အဖွဲ့ဝင်တစ်ဦးလည်း စက်တင်ဘာလ (၂၁) ရက်နေ့က Qazvin မြို့တွင် အသတ်ခံခဲ့ရပြီး ဆူပူအုံကြွသူများနှင့် လူဆိုးဂိုဏ်းများ၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း Tasnim သတင်းက ပြောသည်။ 

ယခုအချိန်အထိ ဆူပူအုံကြွ ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှုအရေအတွက် (၄) ဦးရှိလာကြောင်း သိရသည်။ 

ထိုသေဆုံးမှုများကို အီရန်အစိုးရက အတည်ပြုထုတ်ပြန်ခြင်းမရှိသေးဟု ဆိုသည်။

အီရန်အရှေ့မြောက်ပိုင်းတွင် ဆန္ဒပြသူများက မီးရှို့ခံရသည့် ရဲစခန်းတစ်ခုအနီး ဆန္ဒပြကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်နေကြသည့် ဗီဒီယိုမှတ်တမ်းတစ်ခုကို Twitter အကောင့် 1500tasvir က တင်ထားသည်ကို တွေ့ရသည်။ 

ထိုအကောင့်က လက်ရှိဖြစ်ပွားနေသည့် အီရန်ဆန္ဒပြမှုများကို အဓိက ဖော်ပြနေပြီး follower (၁၀၀,၀၀၀) ခန့်ရှိသည်။ 

ထိုဗီဒီယိုမှတ်တမ်းကို အတည်မပြုနိုင်ကြောင်း Reuters သတင်းက ပြောသည်။

အီရန်မြို့တော် တီဟီရန်မြို့တွင်လည်း နောက်ထပ် ရဲစခန်းတစ်ခု မီးရှို့ခံခဲ့ရကြောင်း သိရသည်။ 

အီရန်မြို့များတွင် ဆန္ဒပြမှုများမှာ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့လက်ထဲတွင် သေဆုံးသွားသည့် Amini ၏ ဇာတိနေရာဖြစ်သော Kurdistan ပြည်နယ်မှ စတင်ပျံ့နှံ့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ 

အီရန်တွင် ၂၀၁၉ ခုနှစ်က ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ (၁,၅၀၀) သေဆုံးခဲ့ဖူးသည်။

Source: Reuters, CNN, BBC, AFP

Photo: WANA, Anadolu Agency/Getty Images, AFP/Getty Images,