မလေးရှားနိုင်ငံတွင် သေဒဏ် နှင့် ထောင်ဒဏ်တစ်သက်အစား အနှစ်ရှည်ထောင်ဒဏ်များဖြင့် အစားထိုးသွားရန် ပြင်ဆင်နေ

Photo: bloomber
Photo: bloomber
မလေးရှားနိုင်ငံတွင် သေဒဏ် နှင့် ထောင်ဒဏ်တစ်သက်အစား အနှစ်ရှည်ထောင်ဒဏ်များဖြင့် အစားထိုးသွားရန် ပြင်ဆင်နေ
By Mr John

မလေးရှားနိုင်ငံတွင် သေဒဏ်အပြင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်မှုကိုလည်း အဆုံးသတ်ရန် စီစဥ်

မလေးရှားနိုင်ငံက ပြစ်မှု (၆) မျိုးအတွက် ထောင်ဒဏ်တစ်သက်နှင့် သေဒဏ် ပြစ်ဒဏ်ချမှတ်မှုကို အဆုံးသတ်ရန် စီစဥ်နေကြောင်း သိရသည်။ 

နိုင်ငံ၏ ရာဇဝတ်မှု တရားစီရင်ရေးစနစ်နှင့် အကျဥ်းထောင်များ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းနေသည့် မလေးရှားအစိုးရသစ်က ပြစ်ဒဏ်စီရင်မှုများ ပြင်ဆင်ရန် စီစဥ်နေခြင်းလည်း ဖြစ်သည်။

အစောပိုင်းတွင် သေဒဏ် ပြစ်ဒဏ်ချမှတ်မှုကို အဆုံးသတ်ရန် စီစဥ်နေခဲ့ရာမှ ယခုအခါ မလေးရှားအစိုးရက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်မှုကိုလည်း အဆုံးသတ်သွားရန် တိုးချဲ့ဆောင်ရွက်လာခဲ့သည်။ 

တရားသူကြီးများအနေဖြင့် သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်အစား အခြား ပြစ်ဒဏ်များဖြင့် စီရင်ချက်ချမှတ်နိုင်မည်ဟု ဆိုသည်။

ပြစ်ဒဏ်အပြောင်းအလဲများအတွက် အဆိုပြုထားသည့် ဥပဒေမူကြမ်းကို ၂၀၂၃ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးအတွင်း ဆွေးနွေးသွားမည်ဟု ဥပဒေရေးရာဝန်ကြီး Azalina Othman Said က မတ်လ (၂၃) ရက်နေ့တွင် ဆီးနိတ်လွှတ်တော်ကို ပြောခဲ့သည်။ 

လက်ရှိတွင် မလေးရှားနိုင်ငံ၌ လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အကြမ်းဖက်မှု အပါအဝင် ပြစ်မှု (၃၄) မျိုးကို သေဒဏ် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း နှင့် ၎င်းပြစ်မှုများအနက် (၁၁) မျိုးကိုမူ မဖြစ်မနေ သေဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

အကယ်၍ လွှတ်တော်အမတ်များက အတည်ပြုပါက မလေးရှားတွင် သေဒဏ်မှာ လူသေဆုံးစေမှု၊ တော်ဝင်ထီးနန်း၏ အုပ်ချုပ်သူများကို ထိခိုက်နစ်နာစေမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့တွင် ရွေးချယ်စရာ ပြစ်ဒဏ်တစ်ခုအဖြစ်သာ ဆက်ရှိနေမည်ဟု ဆိုသည်။ 

ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်မှုကို အဆုံးသတ်ရန် အဆိုပြုထားရာတွင် ထောင်ဒဏ်တစ်သက်အစား နှစ် (၃၀) မှ နှစ်(၄၀) ကြား ထောင်ဒဏ်နှင့် ကြိမ်ဒဏ်တို့ကို အစားထိုး ပြစ်ဒဏ်အဖြစ် ချမှတ်ရန် အကြံပြုထားကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ နောက်ကြောင်းပြန် အာဏာသက်ရောက်မှုအရ ယခုပြစ်ဒဏ်အပြောင်းအလဲက တရားရုံးများတွင် အယူခံဝင်ထားဆဲဖြစ်သည့် အကျဥ်းသား (၄၇၆) ဦးအတွက် သက်ရောက်မှုရှိလာမည်ဟု ဥပဒေရေးရာဝန်ကြီး Azalina က ပြောသည်။ 

အဆိုပြုထားသည့် ပြစ်ဒဏ်အပြောင်းအလဲများအရ မလေးရှားတွင် သေနတ်ပစ်ခတ်မှု သို့မဟုတ် သေနတ်ရောင်းဝယ်မှု၊ လိုင်စင်မရှိဘဲ လက်နက်ထုတ်လုပ်မှုနှင့် ပြန်ပေးဆွဲမှုတို့နှင့် ဆက်နွယ်သည့် ပြစ်မှုများကို သေဒဏ်ချမှတ်တော့မည် မဟုတ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

မလေးရှားအစိုးရက သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံထားရသူများ၏ ပြစ်ဒဏ်များကို ပြည်ထောင်စုတရားရုံးက ပြန်လည်သုံးသပ်ခွင့်ပြုရန်လည်း လွှတ်တော်တွင် အတည်ပြုချက် တောင်းခံထားကြောင်း ဥပဒေရေးရာဝန်ကြီး Azalina က ဆီးနိတ်လွှတ်တော်ကို ပြောခဲ့သည်။ 

ထိုသို့ ပြန်လည်သုံးသပ်မှုက အကျဥ်းသား (၉၅၇) ဦးအတွက် သက်ရောက်မှုရှိကြောင်း သူမက ဆိုသည်။ 

ကမ္ဘာ့နိုင်ငံများအနက် သုံးပုံနှစ်ပုံက သေဒဏ်ကို ဥပဒေအရ သို့မဟုတ် လက်တွေ့ကျင့်သုံးခြင်းမပြုဘဲ ပယ်ဖျက်ထားပြီးဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စု Amnesty International ၏ အချက်အလက်များအရ သိရသည်။

Source: Bloomberg