မိုင်းယောင်းမြို့တွင် စစ်တပ်နှင့်ဌာနဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းဖွင့်လှစ်ထား၍ ခိုးမှုများ သိသိသာသာ ပေါ်ပေါက်လာ

မိုင်းယောင်းမြို့တွင် စစ်တပ်နှင့်ဌာနဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းဖွင့်လှစ်ထား၍ ခိုးမှုများ သိသိသာသာ ပေါ်ပေါက်လာ
ဇွန် 29, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် နယ်မြေခံ တပ်နှင့် ရဲတို့က လရှည်ကြာ လောင်းကစားဝိုင်းများကို ပြုလုပ်ခွင့်ပြုထားခြင်းကြောင့် ယခင်ကထက် ခိုးမှု  သိသိသာသာ ဖြစ်ပွားလာကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ(၂၈)ရက်နေ့က အမျိုးသားတစ်ဦးသည် ဆိုင်ကယ်တစ်စီးကို ခိုးရန် လုပ်ဆောင်နေစဉ် အနီးအနားနေသူများက ဝိုင်းဝန်းဖမ်းဆီးလိုက်နိုင်ကြောင်း သိရသည်။

"ဟိုးအရင်တုန်းကတော့ ဘိန်းစားအဖွဲ့တော့ ကြာကြာတစ်ခါတစ်လေလောက်ပဲရှိတယ်။ အရင်ကဆိုရင် ဆိုင်ကယ်ပျောက်တာ၊ မုဒိန်းကျင့်တာတွေမရှိသလောက်ဘဲ၊ အခုတော့ ရှိလာခဲ့ပြီ။ အဓိက ကတော့ လောင်းကစားဝိုင်းတွေကြောင့်ပါပဲ"ဟု မိုင်းယောင်းဒေသခံ တစ်ဦးက Tachileik News Agency သို့ ဇွန်လ(၂၉)ရက်နေ့တွင် ပြောသည်။

ဖဲဝိုင်း၊ လေးကောင်ဂျင် အပါအဝင် လောင်းကစားမျိုးစုံကို မိုင်းယောင်းတပ်နယ်၏ ခွင့်ပြုချက် နှင့် မြို့နယ်ထွေအုပ်နှင့်ရဲတပ်ဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် လရှည်ကြာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အဆိုပါ လောင်းကစားဝိုင်းကို မိုင်းယောင်းမြို့ ဟောင်ကြန့်နှင့်ဝမ်မန်ရွာကြားရှိ အုတ်ဖို အနောက်ဖက်တွင် ဖြစ်လှစ်ထားခြင်း ဖြစ်ကြောင်း နှင့် အဆိုပါ လောင်းကစားဝိုင်ကို ဒေသခံများက ဝမ်မန်လောင်းကစားဝိုင်းဟု ခေါ်ဆိုကြကြောင်း သိရသည်။

"မိုင်းယောင်းမြို့ဆိုတာက တကယ်တော့ ပြောရရင် ချောင်ထဲရောက်နေတဲ့ မြို့လိုဖြစ်နေတော့ ဒီမြို့က ရဲတို့ ထွေအုပ်တို့ စရဖ တို့ မူးယစ်တို့ ဘယ်လို လုပ်စားကြတယ်ဆိုတာက အစ အထက်ကို မပေါက်ကြားဘူး။ ဒေသတွင်းက သတင်းအပြင် မထွက်အောင် ဖုံးဖိထားကြတာများတယ်။ တိုင်းရင်းသားတွေဆိုတော့ အနိုင်ကျင့်တာ ခံနေရတဲ့ သဘောပေါ့"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကိုင်စစ်တပ်က နိုင်ငံ့အာဏာကိုသိမ်းလိုက်ပြီးနောက် လောင်းကစားဝိုင်းများ နှင့် ခိုးဆိုးလုယက်မှုများမှာ ရှမ်းပြည်နယ်အတွင်း သိသိသာသာပေါများလာကြောင်း တွေ့ရသည်။

တာချီလိတ်မြို့တွင်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းက တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားဝိုင်းပြုလုပ်သည့်ကိစ္စ နှင့် ပတ်သက်ပြီး Tachileik News Agency က သက်သေအထောက်အထား ပုံနှင့်တကွ သတင်းဖော်ပြပြီးနောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် ယာယီလာရောက် တာဝန်ထမ်းဆောင်သည့်  မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင်က အဆိုပါ ဘုန်းကြီးကျောင်းတွင် လောင်းကစားဝိုင်း မကျင်းပခဲ့ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအထိ  ဗြောင်လိမ်တင်ပြခဲ့သေးသည်။



#TachileikNewsAgency