တာချီလိတ်မြို့ပေါ်တွင် ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

တာချီလိတ်မြို့ပေါ်တွင် ဆိုင်ကယ်လုယက်မှု ဖြစ်ပွား



 

နယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် မကာဟိုခမ်းရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်အကြားရှိ JA လမ်းကြားတွင် ၂၀၂၃ခုနှစ် မတ်လ(၁၃)ရက်နေ့ ညက ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"JA လမ်းကြားမှာ အပြင်ကပြန်လာပြီး အိမ်တံခါးဖွင့်နေတုန်း ဆိုင်ကယ်မောင်းလာတဲ့ လူနှစ်ယောက်က မင်းဘာကောင်လဲ မင်းကဘာလဲလို့ မေးပြီးတော့ လူကိုတွန်းပြီး ဆိုင်ကယ်ကို လုယူမောင်းပြေးသွားတယ်။ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။"ဟု ဆိုင်ကယ်လုယက်ခံရသူ က ပြောသည်။

လုယက်ခံရသည့် ဆိုင်ကယ် အမျိုးအစားမှာ ၂၀၂၁ခုနှစ် Wave 125i၊ မီးခိုးရောင်ဖြစ်ပြီး အင်ဂျင်နံပါတ်မှာ JA21E-3427025 ဖြစ်၍ ဆိုင်ကယ်အား လာရောက်ရောင်းချသည်ဖြစ်စေ၊ လမ်းတွင်တွေ့ရသည်ဖြစ်စေ ဖုန်း 09459055183 သို့ ဆက်သွယ်အကြောင်းကြားနိုင်ရန် ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်တွင် အသိပေး အကူအညီတောင်းခံထားရှိသည်။



" အရင်နှစ်ရက်လောက်ကလည်း အိမ်ရှေ့မှာရပ်ထားတဲ့ ကျွန်တော့် သူငယ်ချင်းဆိုင်ကယ် အခိုးခံလိုက်ရသေးတယ်။ သူခိုးတွေ အရမ်းသောင်းကျန်းနေတယ်"ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက်မှု နှင့် ခိုးမှုများ  နေ့ရောညပါ နေ့စဉ်နီးပါး ဖြစ်ပွားနေသော်လည်း သူခိုးလက်ခံသူများ နှင့် ဆိုင်ကယ်ခိုးဂိုဏ်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သိရှိထားသော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း သိရသည်။