တာချီလိတ်မြို့တွင် သေနတ်ပစ်ခတ်မှု (၂)ကြိမ် ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကား နှင့် ရဲကားများ မြို့တွင်း ပတ်သွား

တာချီလိတ်မြို့တွင် သေနတ်ပစ်ခတ်မှု (၂)ကြိမ် ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကား နှင့် ရဲကားများ မြို့တွင်း ပတ်သွား

 တာချီလိတ်မြို့တွင် မေလ(၄)ရက်နေ့ ညပိုင်းနှင့် မေလ(၅)ရက်နေ့ အကူးပိုင်းတွင် ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှု (၂)ကြိမ်ကြောင့် ယနေ့ မြို့တွင်း၌ စစ်ကောင်စီတပ်၏ စစ်ကားနှင့်ရဲကားများ ပတ်သွားနေကြောင်း သိရသည်။

"တပ်ကား(၂)စီး နဲ့ ရဲကား(၁)စီး မီးသတ်လမ်းဖက်ကို တက်သွားတာလည်း တွေ့တယ်။ မြို့ထဲမှာလည်း ပတ်နေတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဧပြီလ(၄)ရက်နေ့ ည(၉)နာရီဝန်းကျင်က ဝမ်ကောင်းရပ်ကွက် အားခေရွာအတွင်း  စစ်တပ်နှင့်နီးစပ်သည့် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးနှင့် ပတ်သက်သော အမျိုးသမီးတစ်ဦး၏ နေအိမ် သေနတ်ဖြင့် (၁၀)ချက်အထက် ပစ်ခတ်ခံရမှု  ဖြစ်ပွားခဲ့သလို ယနေ့ မေလ(၅)ရက်နေ့ အကူးပိုင်းတွင်လည်း ပြည်ခိုင်ဖြိုးရုံးတွင် သေနတ်ဖြင့် (၁၀)ချက်ဝန်းကျင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း   ဒေသခံများထံက သိရသည်။

"မုန့်တိုက်ဘေးနားက အိမ်ကို အိမ်ရှေ့ကနေ  သေနတ်နဲ့ (၁၀)ချက်ကျော် ပစ်သံကြားလိုက်တယ်။  CCTV မှာတော့  မတွေ့ရဘူးလို့တော့ ပြောတယ်။ ကောင်မလေးကတော့ တခြား ရန်စတွေ နဲ့ သူ့အပေါ် မလိုလားသူရယ်လို့ ရှိသံမကြားပါဘူး။ ခုလို ပစ်ခတ်မှုကလည်း သူ့ရဲ့ လူ ဟိုတယ်ပိုင်ရှင်သူဌေးကို သတိပေးတဲ့အနေနဲ့လား ဘယ်လိုကြောင့်လဲတော့ မသိဘူး။ ခုလိုမျိုးလည်း တခါမှ မဖြစ်ဖူးဘူးလေ"ဟု အားခေရွာတွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှု (၂)မှုနှင့်ပတ်သက်ပြီး အနီးဝန်းကျင်နေသူများက အများအားဖြင့် ဗျောက်ဖောက်သည်ဟုသာ ထင်ကြသည်ဟု ဆိုသည်။

တာချီလိတ်မြို့တွင် ယခုလအတွင်း ဖြစ်သည့် ဧပြီလ(၃၀)ရက်နေ့ အကူးပိုင်းအချိန်ကလည်း ဟိုတယ်တာချီလိတ်အတွင်းရှိ DAT Club & KTV တွင် မကွဲသေးသည့် ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဝန်ထမ်းများကို သတင်းအပြင်မထွက်ရန် ဖုံးဖိခိုင်းထားပြီး ဗုံးထောင်ခဲ့သူများကို CCTV မှတ်တမ်းအရ စုံစမ်းနေသည်ဟုလည်း သိရသည်။