လောင်းကစားဝိုင်း သတင်းဖေါ်ပြမှုဖြင့် Tachileik News Agency ၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးကို တာချီလိတ်ရဲက ပုဒ်မ ၆၆(ဃ)ဖြင့် အမှုထပ်ဖွင့်

လောင်းကစားဝိုင်း သတင်းဖေါ်ပြမှုဖြင့် Tachileik News Agency ၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးကို တာချီလိတ်ရဲက ပုဒ်မ ၆၆(ဃ)ဖြင့် အမှုထပ်ဖွင့်
မေ 18, 2022 | ရှမ်းရှေ့
By Tachileik News Agency

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဧပြီလအတွင်းက တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားဝိုင်းပြုလုပ်နေသည့် အကြောင်း သတင်းရေးသားမှုဖြင့် တာချီလိတ်ရဲတပ်ဖွဲ့က ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေလိုသည့် သဘောဖြင့် မဟုတ် မမှန် သတင်းရေးသားဖော်ပြသည်ဟုဆိုကာTachileik News Agency ၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇောင်းအား တာချီလိတ်ရဲတပ်ဖွဲ့က ပုဒ်မ ၆၆(ဃ)ဖြင့် မေလ (၁၅)ရက်နေ့တွင် အမှုထပ်ဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် မိုင်းဆတ်မှ ယာယီလာရောက် တာဝန်ထမ်းဆောင်သည့် မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင်နှင့် တာချီလိတ်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူးတို့၏ စေခိုင်းချက်အရ ဟောင်လိတ်နယ်မြေရဲစခန်း၏ ယာယီနယ်မြေစခန်းမှူး ရဲအုပ်ပြည့်စုံဖြိုးက ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၉၈/၂၀၂၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ၂၀၂၂ခုနှစ် မေလ(၁၅)ရက်နေ့က အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းဆီးမှုတွင် တာချီလိတ်ရဲတပ်ဖွဲ့က လိုင်းကြေးရယူသည်ဟုဆိုကာ စစ်တပ်က ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ အပါအဝင် ရဲတပ်ဖွဲ့ဝင်အများအပြားကို ဖမ်းဆီး စစ်ဆေးပြီးနောက် ကျိုင်းတုံမြို့တွင် ရဲစုံခုံ ဆက်လက်စစ်ဆေးနေချိန်အတွင်း ၎င်းတို့သည် ယာယီတာဝန်ယူနေကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့(ပြင်) ဘုန်းကြီးကျောင်းတွင် လောင်းကစားမျိုးစုံကို ၂၀၂၂ခုနှစ် မတ်လ(၁၆)ရက်နေ့မှ ဧပြီလ(၁၇)ရက်နေ့အထိ ဖွင့်လှစ်ခွင့်ပေးထားခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းကို Tachileik News Agency က ဧပြီလ (၁၃)ရက်နေ့တွင် ဖေါ်ပြလိုက်ပြီးနောက် ဧပြီလ (၁၄)ရက်နေ့တွင် ရဲတပ်ဖွဲ့က လောင်းကစားဝိုင်းများကို ရုတ်တရက် ပိတ်ခိုင်းခဲ့ကြောင်း သိရသည်။

"မတ်လ (၁၆)ရက်နေ့က စဖွင့်တာ ဧပြီလ(၁၇)ရက်နေ့အထိ တစ်လဖွင့်မှာပေါ့။ အဲဒီတော့ သတင်းတက်လာပြီး နောက်နေ့ ဧပြီလ(၁၄)ရက်နေ့မှာ ရဲက ရုတ်တရက် ပိတ်ခိုင်းလို့ အဲ့ဒါနဲ့ ပိတ်လိုက်ရတယ်။ အဲဒီတုန်းက ဘုန်းကြီးကျောင်းထဲက လောင်းကစားဝိုင်းကို ပြည်သူ့စစ်က တာဝန်ယူပြီး ရှင်းပေးတယ်။ ရဲကိုလည်း ပေးရတာပေါ့။ ဒါက ရဲကို မပေးရင် လုံးဝ မရဘူးလေ။ ခုံကြေးက တစ်ခုံကို ဘတ်(၂)သောင်းတောင် ပေးရတာ။ ဒီတိုင်းယူတဲ့လူက တစ်ရက်ကို ဘတ်(၃)ထောင်နှုန်းနဲ့ (၁၀)ရက်စာ တစ်ခါသွင်းရတာ"ဟု အမည်မဖော်လိုသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယင်းနောက် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့က ၎င်းတို့၏ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(တောင်ကြီး)အပါအဝင် အထက်ဌာနအဆင့်ဆင့်သို့ အဆိုပါနေရာတွင် လောင်းကစားဝိုင်းပြုလုပ်ခဲ့ခြင်း မရှိကြောင်းနှင့် သတင်းဌာနက ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေလိုသည့် သဘောဖြင့် မဟုတ် မမှန်ဖော်ပြခြင်းသာဖြစ်သည်ဟု  တင်ပြခဲ့သည်ဟု သိရသည်။

၂၀၂၂ခုနှစ် ဧပြီလ(၁၃)ရက်နေ့က ဖော်ပြခဲ့သည့် Tachileik News Agency ၏ သတင်းတွင် တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း ပြုလုပ်နေသည့် လောင်းကစားဝိုင်းများ၏ မှတ်တမ်းပုံနှင့်တကွ ဖော်ပြထားခြင်း ဖြစ်သော်လည်း ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို အဆင့်ဆင့် လိမ်လည်တင်ပြသည့်အပြင် သတင်းဌာန၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးကိုပါ သတင်းဖေါ်ပြပြီး တစ်လအကြာတွင် အမှုဖွင့်လာခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် လောင်းကစားဝိုင်းများအား ခွင့်ပြုခြင်းမရှိဘဲ သတင်းဌာနက မဟုတ်မမှန်ဖေါ်ပြသည်ဟု တာချီလိတ်ရဲတပ်ဖွဲ့က ဆိုထားသော်လည်း လတ်တလောကာလမှာပင် လောင်းကစားလုပ်ငန်းအများအပြား အသစ်ထပ်မံဖွင့်လှစ်မှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

"အခုလက်ရှိကတော့ ဝမ်ပုံဘက်သွားတဲ့ လမ်းဘက်မှာ ငါးဂိမ်းခုံတွေ၊ အံစာဆွဲတဲ့ ခုံတွေ ထပ်ဖွင့်ထားတယ်။ 1G1 နားတစ်ဝိုက်မှာလည်း အပြင်ဝိုင်း ခုံတွေ ဖွင့်ထားတယ်။   တော်တော်များများက  စစ်ဗျူဟာမှူး၊ စရဖ နဲ့ ရဲတပ်ဖွဲ့ကို ပိုင်တယ်ဆိုပြီး ဖွင့်လာတာများတယ်။ ဘုရင့်နောင်ဈေးနားမှာလည်း ငါးမန်းဂိမ်းခုံတွေ ပိုတောင်များလာသေးတယ်။ တစ်ခုံကို ဘတ်(၃)သောင်း လိုင်းကြေးက ရဲကိုပဲ ပေးရတာ။ ရဲကနေ တဆင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ ရဲတပ်ဖွဲ့မှူးတွေအထိ အဆင့်ဆင့် သက်ဆိုင်ရာအလိုက် ပြန်ဝေခွဲပေးရတာပေါ့။"ဟု Tachileik News Agency ၏ သတင်းရင်းမြစ် တစ်ဦးက ပြောလာသည်။

လောင်းကစားလုပ်ငန်းများအပါအဝင် တရားမဝင်လုပ်ငန်းများစွာရှိနေသည့် တာချီလိတ်တွင် ဒေသအခြေစိုက် သတင်းမီဒီယာများကို  အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့မှစ၍ ဖိအားပေးလာခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအခြေအနေများကြောင့် Tachileik News Agency သတင်းအဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့မှစကာ မူလနေရာမှ ရွှေ့ပြောင်းခဲ့ကြပြီး လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ အခြေစိုက်ကာ သတင်းဌာနလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က အယ်ဒီတာအဖွဲ့ဝင်များကို အမှုများ ဖွင့်နေခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က Tachileik News Agency မှ အယ်ဒီတာအဖွဲ့ဝင် ကိုဇောင်းအား ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့ကတည်းက ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုစဖွင့်ခဲ့ကာ လက်ရှိအချိန်ထိ အမှု (၄) မှုဖွင့်ထားပြီး အယ်ဒီတာအဖွဲ့ဝင် တစ်ဦးကို အမှု (၂)မှု၊ အခြားအယ်ဒီတာအဖွဲ့ဝင်ဦးကို အမှု (၁)မှုတို့ဖြင့် အမှုများစွပ်စွဲဖွင့်လှစ်ထားသည်။

အာဏာသိမ်းအဖွဲ့က Tachileik News Agency အပါအဝင် လွတ်လပ်သည့်သတင်းဌာနများ၏  လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ကာ သတင်းသမားများအား ပုဒ်မမျိုးစုံဖြင့် စွပ်စွဲအမှုဖွင့်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်နေသဖြင့် သတင်းသမားအချို့မှာ တိမ်းရှောင်ရင်း သတင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေရပြီး အချို့မှာ သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားထားရသည့်အခြေအနေများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ဖော်ပြပါ ပုံများသည် တာချီလိတ်မြို့ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားဝိုင်းများကို ၂၀၂၂ခုနှစ် ဧပြီလ၏ ဒုတိယပတ်အတွင်းက မှတ်တမ်းရိုက်ယူထားသော ပုံများဖြစ်သည်။

 

ဖော်ပြခဲ့သည့် သတင်း