မိုင်းယောင်းမြို့တွင် ခမရ ၃၃၄ မှ စစ်သားတစ်ဦးက ရှမ်းတိုင်းရင်းသူ တစ်ဦးကို ဓါးထောက်ပြီး အဓမ္မပြုကျင့်

မိုင်းယောင်းမြို့တွင် ခမရ ၃၃၄ မှ စစ်သားတစ်ဦးက ရှမ်းတိုင်းရင်းသူ တစ်ဦးကို ဓါးထောက်ပြီး အဓမ္မပြုကျင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ)၏ လက်အောက်ခံတပ်ဖြစ်သည့် မိုင်းယောင်းအခြေစိုက် အမှတ်(၃၃၄)ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦးက ရှမ်းတိုင်းရင်းသူ တစ်ဦးကို ဓါးထောက်ပြီး အဓမ္မပြုကျင့်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေစိုက် အမှတ်(၃၃၄)ခြေမြန်တပ်ရင်းမှ လူလတ်ပိုင်းအရွယ် စစ်သားတစ်ဦးသည် ၂၀၂၂ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းဝန်းကျင်က ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျူးလွန်တဲ့ မဒိန်းကောင်က ခမရ(၃၃၄)က စစ်သားပါ။ ကျူးလွန်ခံရတဲ့ မိန်းကလေးက ရှမ်းမလေး။ ဖြစ်တဲ့နေရာက ဟောင်ကြန့်ကျေးရွာသင်္ချိုင်းအနီး လမ်းမကြီးဘေးတစ်နေရာမှာ ဖြစ်တာ  မုဒိန်းမှုဖြစ်ပြီးနောက် သူ့ကိုအဲဒီနေ့မှာပဲ ဝိုင်းဖမ်းလို့ မိသွားတဲ့အတွက် ရဲစခန်းက ဖမ်းခေါ်သွားတယ်။"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Tachileik News Agency သို့ ဇွန်လ(၂၉)ရက်နေ့တွင် ပြောသည်။

အဓမ္မပြုကျင့်သူသည် အဆိုပါနေ့မှာပင် ကုန်စုံဆိုင် တစ်ဆိုင်တွင်လည်း ဓါးဖြင့် ခြိမ်းခြောက် ငွေတောင်းကြောင်းလည်း သိရသည်။

မိုင်းယောင်းမြို့တွင် စစ်တပ်က မုဒိမ်းကျင့်မှုအဖြစ် လွန်ခဲ့သည့် (၁၂)နှစ်ဝန်းကျင်က ရှမ်းတိုင်းရင်းသူတစ်ဦးကို အမှတ်(၃၁၁)ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦးက အဓမ္မပြုကျင့်ပြီး ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ဖူးသလို ယခုအခါမှာလည်း ရှမ်းတိုင်းရင်းသူတစ်ဦးကို ဓါးထောက်ပြီး အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဇွန်လ(၂၇)ရက်နေ့၏ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုင်းယောင်းတပ်နယ် နှင့်  စစ်ကောင်စီလက်အောက်ခံ ဒေသအာဏာပိုင်များက အထက်ဌာနများသို့ တင်ပြခြင်းမရှိဘဲ သတင်းဖုံးထားကာ ကြိတ်၍ ဖြေရှင်းနေသည်ဟုလည်း သိရှိရသည်။ 



#TachileikNewsAgency