ဗုဒ္ဓဘာသာ သာသနာကို စောင့်ရှောက်မည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီတပ်က တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားပွဲတော် ကျင်းပ ခွင့်ပြုထား

တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားပွဲတော် ကျင်းပနေစဉ်
တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားပွဲတော် ကျင်းပနေစဉ်
ဗုဒ္ဓဘာသာ သာသနာကို စောင့်ရှောက်မည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီတပ်က တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း လောင်းကစားပွဲတော် ကျင်းပ ခွင့်ပြုထား

ဗုဒ္ဓဘာသာ သာသနာကို စောင့်ရှောက်မည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်ထက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း၌  ယနေ့ ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့အထိ  ရက်ရှည်ကြာ လောင်းကစားမျိုးစုံကို စစ်တပ်နှင့်နီးစပ်သူများက အပေးအယူများ ပြုလုပ်ပြီး တရားဝင်သဖွယ် ဖွင့်လှစ်ခွင့်ပြုပေးထားကြောင်း သိရသည်။

ဘုန်းကြီးကျောင်းထဲ ပွဲရှိတယ်ထင်လို့ ဝင်သွားတာ၊ ပွဲတော့ပွဲပဲ လောင်းကစား ပွဲတော်ဖြစ်နေတယ်။ ကြိုက်တဲ့ဟာ ကစား ရုံပဲ၊ ဂုံးဂင်းတွေ၊ ဖဲခုံတွေ၊ ငါးဂိမ်းခုံတွေ အစုံရှိတယ်။ ပုံမရိုက်ရဆိုပြီး စာကပ်ထားတာတောင် တွေ့ခဲ့သေးတယ်။ နောက်ပြီး ကြီးမြတ်သောရွှေမြင်းမှ ဧည်သည်ယာဉ်များသာ ရပ်ရန်ဆိုပြီး သီးသန့်စာကပ်ထားတာလည်းတွေ့ရတယ်။

ဟု ဒေသခံ တစ်ဦးက ပြောသည်။

တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း၌ ဖွင့်လှစ်ခွင့်ပြုထားသည့် လောင်းကစားအရေအတွက်မှာ ဖဲခုံ(၁၀)ခုံကျော် ၊ ငါးဂိမ်းခုံ အနည်းဆုံး (၅)ခုံအထက်၊  ဂလုံး ဂလုံး(ဂုံးဂင်း) ( ၃၀)ကျော်၊  မာကျောက်(၂)ခုံ၊  အန်စာတုံး (၂)ခုံ နှင့် လောင်းကစားမဲများ ဖွင့်လှစ်ထားသည်ဟု သိရသည်။

အဆိုပါ လောင်းကစားလုပ်ငန်း လုပ်ကိုင်သူများသည် ဖဲခုံတစ်ခုံလျှင် တစ်ရက် ဘတ်(၃,၅၀၀)၊  ဂလုံး ဂလုံး(ဂုံးဂင်း) တစ်ခုံလျှင် တစ်ရက် ဘတ်(၃,၀၀၀) အမျိုးမျိုးပေးရပြီး (၁၀)ရက်တစ်ခါ လောင်းကစားပွဲတော်ကျင်းပသည့် ကော်မတီထံ ငွေပေးသွင်းရပြီး ကော်မတီကတဆင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်၏ စစ်ဗျူဟာနှင့် တိုင်းမှူးတို့အထိ အဆင့်ဆင့် ခွဲဝေကာ ဆက်ကြေးပေးသွင်းရခြင်းဖြစ်ကာ ယခုကာလတွင် ရဲတပ်ဖွဲ့ထက် စစ်တပ်နှင့် ပိုရင်းနှီးလျှင် တရားမဝင်လုပ်ငန်းများကို လုပ်ချင်တာ လုပ်ခွင့်ရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အခုလို အနေအထားမှာက ရဲတွေ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ပါမွှားပဲ။ တိုင်းမှူးတို့ ဗျူဟာမှူးတို့ကို ပိုင်ရင် ရပြီ။ ဒီမှာက သိတဲ့အတိုင်း တိုင်းမှူးလောက်အထိကို ပေါက်ပေါက်ရောက်ရောက်ရှိနေကြတော့ စစ်တပ်က အသုံးချတာထက် ဒီက လူတွေက စစ်တပ်ကို နည်းနည်းပါးပါး ပေးကမ်းစွန့်ကြဲပြီး ပြန်အသုံးချပြီး လုပ်စားကြတာမျိုးပေါ့။ 1G1 ဟိုတယ် အနီးနားက ကွင်းမှာဆိုရင်လည်း ခုလို လောင်းကစားဝိုင်း (၂)နေရာ (၃)နေရာလောက်ထိ ရှိတယ်။ ကြက်ဝိုင်းလည်းရှိတယ်။ အရင်က ဒီလိုတွေ မရှိခဲ့ဘူး။ ခုတော့ အာဏာသိမ်းကာလမှာ ပိုများလာတယ်လို့ ပြောလို့ရနိုင်တယ်။ ထိုးသားတွေကလည်း ငွေလျှံသူတွေထက် အလယ်အလတ်စား လူတန်းစားတွေများသလို အောက်ခြေလူတန်းစားတွေလည်း တွေ့ရတယ်။  လူငယ်တွေကို လောင်းကစားနဲ့ပဲ အသက်မွေးဝမ်းကြောင်းနိုင်အောင် အသက်သွင်းနေသလိုပေါ့ဗျာ။

ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက Tachileik News Agency သို့ ဧပြီလ(၁၃)ရက်နေ့တွင် ပြောသည်။

တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း၌ လောင်းကစား ပွဲတော်ကို ၂၀၂၂ခုနှစ် မတ်လ(၁၆)ရက်နေ့က စတင်ခဲ့ပြီး (၁)လကျင်းပမည်ဟု လျာထားကြောင်း နှင့် (၁)လပြည့်ပါက အာခါဈေးအနီးရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

#TachileikNewsAgency