တာချီလိတ်မြို့၌ လူငယ်(၆)ဦး ဖမ်းခံရမှုတွင် သတင်းပေး ဒလန်ဟုဆိုသည့် အမျိုးသမီးအား ဝိုင်းရိုက်သည့် အမျိုးသမီးများကို လာရောက်ဖမ်းဆီးရာ မတွေ့၍ စိတ်ဝေဒနာသည် သမီးဖြစ်သူကို ရဲစခန်းသို့ ခေါ်ဆောင်သွား

တာချီလိတ်မြို့၌ လူငယ်(၆)ဦး ဖမ်းခံရမှုတွင် သတင်းပေး ဒလန်ဟုဆိုသည့် အမျိုးသမီးအား ဝိုင်းရိုက်သည့် အမျိုးသမီးများကို လာရောက်ဖမ်းဆီးရာ မတွေ့၍ စိတ်ဝေဒနာသည် သမီးဖြစ်သူကို ရဲစခန်းသို့ ခေါ်ဆောင်သွား
မတ် 22, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်  မတ်လ(၁၉)ရက်နေ့က လူငယ်(၆)ဦး ဖမ်းခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား သတင်းပေး ဒလန်ဟု ဆိုသည့် အမျိုးသမီးအား   ဘေးပတ်ဝန်းကျင်မှ ရိုက်နှက်သည့် ကိစ္စနှင့် ပတ်သက်၍ ရိုက်နှက်သူဟု ဆိုသူများကို  ယနေ့ မတ်လ(၂၁)ရက်နေ့ ညနေပိုင်းက လိုက်လံရှာဖွေ ဖမ်းဆီးပြီး ရှာဖွေမတွေ့၍ ရိုက်သူဟုဆိုသည့် အမျိုးသမီး၏ သမီးဖြစ်သူအား တာချီလိတ်မြို့မရဲစခန်းတွင် ခေါ်ယူထားကြောင်း သိရသည်။

မတ်လ(၁၉)ရက်နေ့က  အောင်နိုင်ဦး(ခ)အောင်နိုင်၊ စိုင်းမဟာကျော်စွာ၊ ငြိမ်းချမ်း၊ စိုင်းထွန်းအောင်၊ ပိန်သေး(ခ)ဇာနည်ကိုကိုနှင့် သီဟဖြိုးတို့ ဖမ်းဆီးခံရခြင်းမှာ ရပ်ကွက်အတွင်း အသုပ်လှည့်လည်ရောင်းချသည့် အမျိုးသမီး၏ သတင်းပေးမှုကြောင့်ဟု သိရသည့်အတွက် အနီးဝန်းကျင်နေသူအချို့မှ ရိုက်နှက်သည်အထိ ဖြစ်ပွားခဲ့သော်လည်း ရိုက်နှက်ခံရသူမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။ 

 ယင်းသို့ ရိုက်နှက်မှုကြောင့် မတ်လ(၂၁)ရက်နေ့ ညနေ(၅)နာရီက စ၍ တာချီလိတ်မြို့ ကျောက်တောင်(ဝမ်မိုင်)ရွာရှိ  အောင်နိုင်ဦး(ခ)အောင်နိုင်၏ နေအိမ်အနီးရှိ နေအိမ်များသို့ လိုင်စင်မဲ့ကားများ စီးထားသည့် ရဲတပ်ဖွဲ့က   သွားရောက်ပြီး  ရိုက်နှက်သည့် အမျိုးသမီး(၂)ဦးကို ဖမ်းဆီးရန်အတွက် ရှာဖွေရာ အမျိုးသမီး(၂)ဦးအား မတွေ့ရသော်လည်း ရိုက်နှက်သူ အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူ အသက်(၁၃/၁၄)နှစ်အရွယ် စိတ်ဝေဒနာသည် မိန်းကလေးအား ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး မိခင်လာ အဖမ်းခံမှ ပြန်လွှတ်ပေးမည်ဟု ရဲစခန်းအတွင်း ပြောဆိုမှုများရှိနေကြောင်း အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင်  လာရောက်ရှာဖွေစဉ်  အောင်နိုင်ဦး(ခ)အောင်နိုင်၏ မိခင်ဖြစ်သူအား လမ်းတွင်တွေ့ရသည့်အတွက် ဖမ်းဆီးခံထားရသည့် သားငယ်ဖြစ်သူ အသက်(၁၈)နှစ်မပြည့်သေးသည့် စိုင်းထွန်းအောင် နှင့် တွေ့ချင်လျှင် ရဲစခန်းသို့ ခဏလိုက်ခဲ့ရန်  ခေါ်ဆောင်သွားပြီး ည(၁၀)နာရီဝန်းကျင်မှ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။ မိခင်ဖြစ်သူမှ သားငယ်နှင့်တွေ့ရန် လိုက်သွားသော်လည်း တွေ့ခွင့်မရခဲ့ကြောင်း သိရသည်။

 ဒလန်ဟု ဆိုသည့် အမျိုးသမီး၏ လုံခြုံရေး  နှင့် အရေးယူမှုများကို ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရန် စစ်တပ်က ညွှန်ကြားထားကြောင်းလည်း သိရသည်။

ယခုဖြစ်စဉ်များ၏ မူလအစနှင့် ပတ်သက်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်ရာတွင် စစ်တပ်နှင့်ရဲတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကာကွယ်ရန်အတွက် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မတ်လ(၁၉)ရက်နေ့က ဖမ်းခံရသည့် လူငယ်(၆)ဦးအား ကျိုင်းတုံသို့ ပို့ဆောင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။