အမေရိကန်နိုင်ငံ မေရီလန်းတွင်  သေနတ်သမားက လုပ်ဖော်ကိုင်ဖက်များကို ပစ်ခတ်၍ (၃)ဦး သေဆုံး 

Photo: CPF
Photo: CPF
အမေရိကန်နိုင်ငံ မေရီလန်းတွင်  သေနတ်သမားက လုပ်ဖော်ကိုင်ဖက်များကို ပစ်ခတ်၍ (၃)ဦး သေဆုံး 
By Mr John

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် မြောက်ပိုင်းရှိ ကုန်ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ဒေသစံတော်ချိန် ဇွန်လ(၉)ရက်နေ့တွင် သေနတ်သမားတစ်ဦးက ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ (၃) ဦး သေဆုံးခဲ့ပြီး စတုတ္တမြောက်တစ်ဦး စိုးရိမ်ရသည့်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

သေနတ်သမားကို ရဲတပ်ဖွဲ့ဝင်နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခဲ့သည်။ 

ရဲတပ်ဖွဲ့က မည်သူဖြစ်ကြောင်း ထုတ်ဖော်မပြောထားသည့် အသက် (၂၃) နှစ်အရွယ် သေနတ်သမားက ကားဖြင့်ထွက်ပြေးရန် ကြိုးပမ်းစဥ် မေရီလန်းပြည်နယ်ရဲတပ်ဖွဲ့ဝင်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ဝါရှင်တန်ကောင်တီ ရဲမှူး Douglas Mullendore က သတင်းစာရှင်းလင်းပွဲတွေ ပြောသည်။

သံသယရှိ သေနတ်သမားနှင့် ရဲတပ်ဖွဲ့တို့ နှစ်ဦးလုံးကို ဒေသတွင်း ဆေးရုံတစ်ရုံသို့ သေနတ်ဒဏ်ရာများကုသရန် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ 

ယခုဖြစ်ရပ်မှာ လူအစုအပြုံလိုက်ကို ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် အမေရိကန်တွင် နောက်ဆုံးပစ်ခတ်မှုတစ်ခုလည်း ဖြစ်လာသည်။ 

ရဲမှူး Douglas Mullendore က အခြေအနေအသေးစိတ် သို့မဟုတ် တိုက်ခိုက်မှုအကြောင်းရင်းကို ပြောကြားရန် ငြင်းဆန်ခဲ့သော်လည်း သေနတ်သမားနှင့် သေဆုံးဒဏ်ရာရသူ အားလုံးမှာ မေရီလန်းမြောက်ပိုင်း Smithsburg မြို့ရှိ Columbia Machine ကုန်ထုတ်လုပ်ရေးစက်ရုံမှ ဝန်ထမ်းများဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ပစ်ခတ်သူက ဆီမီးအော်တိုမက်တစ် ပစ္စတိုသေနတ်တစ်လက်ကို အသုံးပြုခဲ့ကြောင်းလည်း ၎င်းကပြောသည်။ 

Columbia Machine ၏ ပြောခွင့်ရပုဂ္ဂိုလ်က ကုမ္ပဏီအနေဖြင့် ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေသည့် အာဏာအပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောခဲ့သော်လည်း နောက်ထပ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ 

ထိုကုမ္ပဏီမှာ ကွန်ကရစ်ဖျော်စက် ပစ္စည်းကိရိယာများ ထုတ်လုပ်နေပြီး နိုင်ငံပေါင်း (၁၀၀) ကျော်သို့ တင်ပို့ရောင်းချနေကြောင်း ၎င်း၏ဝက်ဘ်ဆိုက်တွေ ဖော်ပြထားသည်။

မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့ FBI ရုံးနှင့် အမေရိကန် အရက်၊ ဆေးလိပ်၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများဆိုင်ရာ ဌာနက ၎င်းတို့၏ အေးဂျင့်များကို ပစ်ခတ်မှုဖြစ်ပွားသည့် စက်ရုံသို့ စေလွှတ်ထားကြောင်း ပြောခဲ့သည်။ 

Gun Violence Archive သုတေသနအဖွဲ့အစည်း၏ မှတ်တမ်းများအရ အမေရိကန်တွင် ၂၀၂၂ ခုနှစ်အတွင်း လူအစုအပြုံလိုက်ကို ပစ်ခတ်မှု အနည်းဆုံး အကြိမ် (၂၄၀) ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ထိုအဖွဲ့အစည်းက သေနတ်သမားကလွဲပြီး အနည်းဆုံး လူ (၄) ဦး ပစ်ခတ်ခံရသည့် ဖြစ်ရပ်တစ်ခုကို လူအစုအပြုံလိုက် ပစ်ခတ်ခံရမှုအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

အမေရိကန်တွင် ပြည်တွင်းအစွန်းရောက်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှု မြင့်တက်လာနိုင်

အမေရိကန်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်ကားရာနေရာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၁၁) ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ (၅) ရက်နေ့တွင် ပြောသည်။ ဒေသစံတော်ချိန် ဇွန်လ (၄) ရက် ညသန်းခေါင်အချိန်ဝန်းကျင်တွင် ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်းကားရာ South Street ဧရိယာအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တင်နက်ဆီပြည်နယ် Chattanooga မြို့

တင်နက်ဆီပြည်နယ် ချက်တာနူဂါမြို့တွင်လည်း ဒေသစံတော်ချိန် ဇွန်လ (၅) ရက် နံနက် (၂) နာရီ (၄၂) မိနစ်ဝန်းကျင်က ဘားဆိုင်တစ်ဆိုင်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၁၄) ဦး သေနတ်ဒဏ်ရာများရခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။ သေဆုံးခဲ့သူတွေအနက် (၂) ဦးမှာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ပြီး နောက်တစ်ဦးမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ ထွက်ပြေးစဥ် ကားတိုက်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရသူ (၃) ဦးမှာလည်း ထွက်ပြေးရန်ကြိုးပမ်းစဥ် ကားတိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ကြသည်။

မီချီဂန်ပြည်နယ် ဆာဂီနောမြို့မှ ပစ်ခတ်မှု

ထို့အပြင် မီချီဂန်ပြည်နယ် ဆာဂီနောမြို့တွင်လည်း ဒေသစံတော်ချိန် ဇွန်လ (၅) ရက် နံနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရခဲ့ကြောင်း WEYI ရုပ်မြင်သံကြာသတင်းက ရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြသည်။ Saginaw မြို့တွင် သေဆုံးဒဏ်ရာရသူ (၅) ဦးလုံးမှာ ပစ်ခတ်မှုတွင် ပါဝင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့

ဇွန်လ (၁) ရက်နေ့ မွန်းလွဲပိုင်းကလည်း အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ စိန့်ဖရန်စစ်ဆေးရုံဝင်းအတွင်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် အမျိုးသားတစ်ဦးက ဝင်ရောက်ပစ်ခဲ့မှုကြောင့် ဆရာဝန် (၂) ဦး၊ ဧည့်ကြိုတစ်ဦးနှင့် လူနာတစ်ဦး သေဆုံးခဲ့သည်။ ထိုအမျိုးသားမှာ နောက်ကျောခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် နာကျင်မှုဝေဒနာ မသက်သာ၍ ၎င်းကို ခွဲစိတ်ကုသပေးခဲသည့် ဆရာဝန်နှင့် အခြား (၃) ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်အဆုံးစီရင်သွားခဲ့သည်။

နယူးယော့ခ်ပြည်နယ် Buffalo မြို့

မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ခရစ်ယာန်ဘုရားကျောင်း

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Laguna Woods မြို့ရှိ Geneva Presbyterian ခရစ်ယာန်ဘုရားကျောင်းတွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံနေစဥ် အသက် (၆၀) ကျော်အရွယ် သေနတ်သမားက ပစ်ခတ်မှုကြောင့် လူ (၁) ဦး သေဆုံးခဲ့ပြီး ၎င်းကို ဘုရားကျောင်းတက်လာသူတွေက ဝိုင်းဝန်းဖမ်းခဲ့သည်။

တက္ကဆက်ပြည်နယ် Uvalde မြို့

တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံံးခဲ့ပြီး သေနတ်သမားကို လုံခြုံရေးအရာရှိများက ပစ်သတ်ခဲ့သည်။

Source: Reuters