အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်အတွင်း စူပါမတ်ကက်တွင် လူမျိုးရေးဦးတည်ပြီး ပစ်ခတ်မှုဖြစ်ကာ လူ (၁၀) ဦး သေဆုံး

Photo: BigDawg/ REUTERS
Photo: BigDawg/ REUTERS
အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်အတွင်း စူပါမတ်ကက်တွင် လူမျိုးရေးဦးတည်ပြီး ပစ်ခတ်မှုဖြစ်ကာ လူ (၁၀) ဦး သေဆုံး
By Mr John

 အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်ရှိ လူမည်းရပ်ကွက်တစ်ခုအတွင်း အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူ (၁၀) ဦးကို ပစ်သတ်ခဲ့ပြီး လူမျိုးရေးအရ တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း အာဏာပိုင်‌တွေက ပြောသည်။

 Buffalo မြို့ရှိ စူပါမတ်ကက်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် Payton Gendron အမည်ရှိ အမျိုးသားကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးခဲ့ကြောင်း နှင့် အဆိုပါ အမျိုးသားက ဒေသစံတော်ချိန် မေလ (၁၄) ရက် မွန်းလွဲပိုင်းတွင် စူပါမတ်ကက်အတွင်း ဝင်ရောက်လာခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယခုတိုက်ခိုက်မှုကို စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဟု ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ ဒီဖြစ်ရပ်ကို အမုန်းတရားကြောင့် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးရေးအစွန်းရောက် အကြမ်းဖက်မှု နှစ်ခုလုံံးအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်" ဟု FBI ၏ Buffalo မြို့ ရုံးခန်းမှ Stephen Belongia က ပြောခဲ့သည်။ လူမျိုးရေးမုန်းတီးမှုဖြစ်ကြောင်း သက်သေအထောက်အထားရှိခဲ့သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။ 

CBS သတင်းဌာနက ဖော်ပြမှုအရ တိုက်ခိုက်သူက ပစ်ခတ်မှုအတွင်း လူမျိုးရေးအရ ပြောဆိုမှုတွေကို အော်ဟစ်ပြောဆိုခဲ့ပြီး ၎င်း၏ လက်နက်ပေါ်တွင်လည်း လူမျိုးရေးမုန်းတီးမှုဆောင်သော စာသားကို ရေးထားသည်ဟု ဆိုသည်။

ထို့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့သူက အွန်လိုင်းတွင်လည်း လူမျိုးရေးခွဲခြားသည့်စကားနှင့် အတွေးအခေါ်များပါဝင်သော ကြေညာချက်တစ်ခုကို မကြာမီသေးမီက လွှင့်တင်ခဲ့ကြောင်းသလို ၎င်းက ပစ်ခတ်တိုက်ခိုက်မှုကို အွန်လိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ဟုလည်း ဆိုသည်။  

ပစ်ခတ်သူသည် လူမည်းများ အများဆုံးနေထိုင်ကြသည့် Buffalo မြို့သို့ မိုင် (၂၀၀) ခန့် ကားမောင်းပြီး ရောက်ရှိလာခဲ့သည်ဟု ယူဆထားပြီး တိုက်ခိုက်မှုအတွင်း စုစုပေါင်း လူ (၁၃) ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူအများစုမှာ လူမည်းများဖြစ်ကြောင်း Buffalo မြို့ ရဲမင်းကြီး Joseph Gramaglia က ပြောသည်။

"သူက ကားထဲကနေထွက်လာတယ်။ သူ့မှာ အလွန်အန္တရာယ်ရှိတဲ့ လက်နက်တွေပါတယ်။ သူက နည်းဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေလည်း ပါတယ်။ နည်းဗျူဟာမြောက်ဦးထုပ်ဆောင်းထားတယ်။ သူလုပ်နေတာကို တိုက်ရိုက်ထုတ်လွှင့်နေခဲ့တဲ့ ကင်မရာတပ်ထားတယ်" ဟု ရဲမင်းကြီးက ဆိုသည်။ 

လုံခြုံရေးတပ်ဖွဲ့က ၎င်းကို ဝိုင်းထားခဲ့ပြီးနောက် လက်နက်ချ အဖမ်းခံခဲ့ပြီး ၎င်းကို တရားရုံးထုတ်ကာ ပထမဒီကရီ လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။

"ဒီလူ အထဲဝင်သွားတာ တွေ့ခဲ့တယ်။ စစ်တပ်က ပုံစံမျိုးနဲ့ပဲ။ ပြီးတော့ လူတွေကို သေနတ်နဲ့ပစ်တော့တာပဲ" ဟု စူပါမတ်ကက်တိုက်ခိုက်မှုကို လမ်းတစ်ဖက်ကနေ မျက်မြင်တွေ့ခဲ့သူ Grady Lewis က ဒေသခံ မီဒီယာကို ပြောသည်။ 

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့ရသည့် စူပါမတ်ကက်တွင် အလုပ် လုပ်ကိုင်သူ သုံးဦးလုံးမှာ အသက်အန္တရာယ် မစိုးရိမ်ရဟု ဆိုသည်။ 

စူပါမတ်ကက်တွင် လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်နေသည့် အငြိမ်းစား ရဲအရာရှိတစ်ဦးက သေနတ်သမားကို ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းမှာ သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

"ဒါက ဘယ်လူမှုအသိုင်းအဝိုင်းမဆို ရင်ဆိုင်ရနိုင်တဲ့ အဆိုးဆုံး အိပ်မက်ဆိုးပါ။ ကျွန်တော်တို့ နာကျင်ရပါတယ်။ ကျွန်တော်တို့ အခု ဒေါသက ရေဆူမှတ်ရောက်နေတယ်" ဟု Buffalo မြို့တော်ဝန် Byron Brwon က သတင်းထောက်တွေကို ပြောခဲ့သည်။ 

"ဒီမုန်းတီးသူကို ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ဒါမှမဟုတ် ကျွန်တော်တို့ရဲ့နိုင်ငံကို ခွဲခြားခွင့် မပြုနိုင်ပါဘူး" ဟုလည်း မြို့တော်ဝန်က ဆိုသည်။

တိုက်ခိုက်မှုအတွင်း သေနတ်သံ အချက်ပေါင်း (၇၀) ကျော် ကြားခဲ့ရကြောင်း စူပါမတ်ကက်တွင် အလုပ်လုပ်ကိုင်ပြီး အဆောက်အအုံ အနောက်ပေါက်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့သည့် Shonnell Harris က Baffalo News သတင်းဌာနကို ပြောသည်။ 

"စနေ၊ တနင်္ဂနွေရက်တွေဆိုတော့ စူပါမတ်ကက်ထဲမှာ လူတွေအပြည့်ပဲ။ အိပ်မက်ဆိုးတစ်ခုလိုပါ" ဟု သူမက ဆိုသည်။

"ထိတ်လန့်စရာ ရုပ်ရှင်တစ်ခုထဲမှာ လမ်းလျှောက်နေရသလိုပဲ။ ဒါပေမဲ့ အားလုံးကို အစစ်အမှန်တွေပဲ။ ကမ္ဘာပျက်စစ်ပွဲလိုပဲဗျာ" ဟု ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အခြေအနေကို ရဲအရာရှိတစ်ဦးကို Baffalo News ကို ဥပမာပေးပြီး ရှင်းပြသည်။ 

နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul က သံသယရှိသူမှာ အကြမ်းဖက်လုပ်ရပ်လုပ်ခဲ့သည့် လူဖြူ လူမျိုးကြီးဝါဒသမားဖြစ်ကြောင်း မေလ (၁၄) ရက် နှောင်းပိုင်းတွင် ပြောသည်။ 

"ရပ်ကွက်ထဲက စူပါမတ်ကက်မှာ ကုန်ပစ္စည်းတွေဝယ်တဲ့ လူတွေကို ပစ်မှတ်ထားပြီး စစ်တပ်က ကွပ်မျက်တဲ့ပုံစံမျိုးလုပ်ခဲ့တာ" ဟု Kathy Hochul က ဆိုသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၎င်းနှင့် သမ္မတကတော်တို့က ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဆုတောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။ 

"လူမျိုးရေးအရ အမုန်းတရားနဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုက ဒီနိုင်င်ငံရဲ့ လူ့အဖွဲ့အစည်းအတွက် စက်ဆုပ်ရွံရှာစရာပါ။ အမုန်းတရားကြောင့် ပြည်တွင်းအကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာအားလုံး လုပ်ဆောင်ရပါမယ်" ဟု သမ္မတဂျိုးဘိုင်ဒန်က ပြောသည်။

Source: BBC, Reuters