ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဘုရားကျောင်းတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး (၁)ဦး သေဆုံး

Photo: REUTERS/David Swanson
Photo: REUTERS/David Swanson
ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဘုရားကျောင်းတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး (၁)ဦး သေဆုံး
By Mr John

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် မေလ (၁၅) ရက်နေ့က အစားအသောက်များဖြင့် တည်ခင်းဧည့်ခံနေစဥ် သေနတ်သမားတစ်ဦး ပစ်ခတ်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ဘုရားကျောင်းတက်သူတွေက သံသရှိသူကို ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

ဘုရားကျောင်းတက်လာသူတွေက သံသယရှိသူကို ဖမ်းဆီးခဲ့ကြပြီး ခြေထောက်တွေကို လျှပ်စစ်ဝါယာကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်ဟု အာဏာပိုင်တွေက ပြောသည်။



ကယ်လီဖိုးနီးယားတောင်ပိုင်း Laguna Woods မြို့ရှိ Geneva Presbyterian ဘုရားကျောင်းတွင် ဒေသစံတော်ချိန် မေလ (၁၅) ရက်နေ့ မွန်းလွဲ (၁း၃၀) ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းတက်သူတွေ ဝိုင်းဝန်ဖမ်းဆီးခဲ့သည့် သံသယရှိသူမှာ အသက် (၆၀) ကျော်အရွယ်ဖြစ်ကြောင်း Orange County လက်ထောက်ရဲမှူး Jeff Hallock က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

ပစ်ခတ်မှု ဖြစ်သည့် ဘုရားကျောင်း



"အဲဒီဘုရားကျောင်းတက်သူအုပ်စုက သူရဲကောင်းဆန်ဆန် သတ္တိရှိရှိနဲ့ သံသယရှိသူကို ဝင်ရောက်တားဆီးခဲ့ကြတယ်။ သူတို့က နောက်ထပ် ထိခိုက်သေဆုံးမှုတွေကို တားဆီးနိုင်ခဲ့တာ အသေအချာပဲ" ဟု ရဲမှူးက ဆိုသည်။

ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လူတစ်ဦး သေဆုံးပြီး အခြားလေးဦး စိုးရိမ်ရသည့် ဒဏ်ရာရခဲ့ကြောင်း နှင့် နောက်ထပ်တစ်ဦးမှာ မစိုးရိမ်ရသည့် အသေးစားဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူအားလုံးကို ဆေးရုံပို့ထားကြောင်း Jeff Hallock က ပြောသည်။



ပစ်ခတ်မှုဖြစ်ပွားစဥ်က ဘုရားကျောင်းတွင် လူဦးရေ (၃၀) မှ (၄၀) ခန့် ရှိနေခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

"အခုအချိန်မှာတော့ သံသယရှိက ပစ်ခတ်တိုက်ခိုက်တဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ သူ့မှာ ရည်ရွယ်ထားတဲ့ ပစ်မှတ်ထားသူရှိလား ဒါမှမဟုတ် အမုန်းတရားကြောင့်လားဆိုတာ မသိရသေးပါဘူး" ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ သံသယရှိသူမှာ Laguna Woods မြို့ခံမဟုတ်ကြောင်း အာဏာပိုင်တွေက ယူဆထားသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် ပစ္စတိုသေတ်နှစ်လက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။



"သူတို့ရဲ့ဝတ်ပြုနေရာကို သွားဖို့အတွက် ဘယ်သူမှ ကြောက်နေရတာမျိုး မဖြစ်သင့်ပါဘူး။ ကျနော်တို့ရဲ့အတွေးတွေက သေဆုံးဒဏ်ရာရသူတွေ၊ ဒီနေရာမှာနေထိုင်ကြသူတွေနဲ့ ဒီဝမ်းနည်းစရာဖြစ်ရပ်ကြောင့် သက်ရောက်ခံစားရသူတွေနဲ့အတူတူပါပဲ" ဟု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၏ ရုံးက Twitter တွင် ပြောထားသည်။

ယခုဖြစ်ရပ်မှာ တစ်ပတ်အတွင်း အမေရိကန်တွင် ဖြစ်ပွားခဲ့သည့် ဒုတိယမြောက် လူအများအပြားကို ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်လာသည်။



မေလ (၁၄) ရက်နေ့ကလည်း နယူးယော့ခ်ပြည်နယ် Baffalo မြို့တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားက လူမျိုးရေးမုန်းတီးမှုဖြင့် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမတ်ကက်တစ်ခုတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ (၁၀) ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

၎င်းက အွန်လိုင်းတွင်လည်း လူမျိုးရေးခွဲခြားသည့်စကားနှင့် အတွေးအခေါ်များပါဝင်သော ကြေညာချက်တစ်ခုကို မကြာမီသေးမီက လွှင့်တင်ခဲ့သည်။ အမေရိကန်တွင် လတ်တလော နှစ်များအတွင်း သေနတ်ဖြင့် အကြမ်းဖက်မှုများ မြင့်တက်ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။



Source: Reuters