အင်ဒိုနီးရှားသမ္မတက စစ်ဖြစ်နေကြသည့် ယူကရိန်းနှင့် ရုရှားတို့၏ ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ

Photo: Ukrainian Presidential Press Service/Handout via REUTERS
Photo: Ukrainian Presidential Press Service/Handout via REUTERS
အင်ဒိုနီးရှားသမ္မတက စစ်ဖြစ်နေကြသည့် ယူကရိန်းနှင့် ရုရှားတို့၏ ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ
ဇူလိုင် 1, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စစ်ဖြစ်ပွားနေသည့် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ သမ္မတများနှင့် (၂) ရက်အတွင်း ဆက်တိုက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ဂျိုကိုဝီက ဇွန်လ (၂၉) ရက်နေ့တွင် ကိဗ်မြို့တော်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် တွေ့ဆုံခဲ့ပြီး ဇွန်လ (၃၀) ရက်နေ့တွင် မော်စကိုမြို့တော်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆက်လက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျိုကိုဝီက ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဥ် ယူကရိန်းသမ္မတဇီလန်းစကီးထံမှ စာတိုတစ်စောင်ကို ပေးအပ်ခဲ့သည်ဟု ဆိုသည်။ 

"ကျွန်တော် သမ္မတဇီလန်းစကီးရဲ့ စာတိုကို သမ္မတပူတင်ထံ ပေးခဲ့ပါတယ်" ဟု အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက မော်စကိုမြို့တွင် ပူတင်နှင့်တွေ့ဆုံပြီးနောက် ထုတ်ဖော်ပြောခဲ့သည်။ 

ထိုစာတိုထဲတွင် ပါဝင်သည့်အကြောင်းအရာကိုမူ ၎င်းက ထုတ်မပြောခဲ့သော်လည်း နှစ်နိုင်ငံခေါင်းဆောင်များကြား ဆက်ဆံရေးစတင်ရာတွင် ကူညီသွားရန် အသင့်ရှိကြောင်း ဂျိုကိုဝီက ဆိုသည်။

ဂျိုကိုဝီက အင်ဒိုနီးရှားအနေဖြင့် ရုရှားနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောခဲ့ပြီး ရုရှားသမ္မတပူတင်ကလည်း အင်ဒိုနီးရှား၏ ဓာတ်မြေဩဇာ လိုအပ်ချက်ကို ဖြည့်ဆည်ပေးသွားရန် အသင့်ရှိသည်ဟု ဆိုသည်။ 

ယူကရိန်းစစ်ပွဲနှင့် အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများကြောင့် ဓာတ်မြေဩဇာ တင်ပို့မှုများကို သက်ရောက်မှုရှိနေခဲ့သည်။ 

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ရရှိခဲ့သော သဘောတူညီမှုများက ရုရှား-အင်ဒိုနီးရှား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဟုလည်း ပူတင်က ပြောခဲ့သည်။

သို့သော် ဖြစ်လာနိုင်ဖွယ်ရှိသည့် ကမ္ဘာတဝန်း စားနပ်ရိက္ခာအကျပ်အတည်းမှာ အနောက်အုပ်စုကြောင့်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ဂျိုကိုဝီနှင့် တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အပြစ်တင်ခဲ့သည်။ 

ထိုသတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက "ပြင်ပအခြေနေ ခက်ခဲနေဆဲဖြစ်ပေမဲ့ ပြေလည်မှုရဖို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကို ဦးတည်ဖို့က အရေးကြီးနေပါသေးတယ်" ဟု ပြောခဲ့သည်။ 

"ကမ္ဘာ့ခေါင်းဆောင်အားလုံးကို ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ် ပြန်ရှိကြဖို့ တောင်းဆိုပါတယ်"ဟု ဂျိုကိုဝီက ပြောခဲ့ကြောင်း AFP သတင်းတွင် ကိုးကားဖော်ပြသည်။

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီမှာ G20 (Group of Twenty) အုပ်စု၏ လက်ရှိ ဥက္ကဌဖြစ်ပြီး စစ်ပွဲကြောင့် ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါင်းမှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသော ကုလသမဂ္ဂ၏ အဖွဲ့အစည်းတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။ 

ဂျိုကိုဝီက လာမည့် နိုဝင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပပြုလုပ်သွားမည့် G20 ထိပ်သီးအစည်းအဝေးသို့ ယူကရိန်းသမ္မတဇီလန်းစကီးကို ဖိတ်ကြားထားသည်။

AFP သတင်း၏ အဆိုအရ ယူကရိန်းသမ္မတက ၎င်း၏တက်ရောက်မှုမှာ ထိုအစည်းအဝေးတွင် အခြား မည်သူရှိမည်လဲဆိုသည့်အပေါ် မူတည်ကြောင်း ပြောခဲ့သည်ဟု သိရသည်။ 

ရုရှားက G20 အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်နေရာ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်သွားမည့် ထိပ်သီးအစည်းအဝေးသို့ သမ္မတပူတင် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။

Source: BBC, Reuters