လိုအပ်ပါက မြောက်ကိုရီးယား၏ သူလျှိုဂြိုဟ်တုလွှတ်တင်သည့် ပဲ့ထိန်းဒုံးကျည်ကို ပစ်ချရန် ဂျပန်က ပြင်ဆင်ထားဟုဆို

လိုအပ်ပါက မြောက်ကိုရီးယား၏ သူလျှိုဂြိုဟ်တုလွှတ်တင်သည့် ပဲ့ထိန်းဒုံးကျည်ကို ပစ်ချရန် ဂျပန်က ပြင်ဆင်ထားဟုဆို
By Mr John

မြောက်ကိုရီးယား၏ သူလျှိုဂြိုဟ်တုလွှတ်တင်သည့် ပဲ့ထိန်းဒုံးကျည်ကို လိုအပ်ပါက ပစ်ချရန် ပြင်ဆင်ထားကြောင်း ဂျပန်နိုင်ငံက ၂၀၂၃ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

မြောက်ကိုရီးယားက ၎င်း၏ ပထမဆုံး သူလျှိုဂြိုဟ်တုကို လွှတ်တင်ရန် နောက်ဆုံးအဆင့် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဧပြီလ (၁၉) ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့ပြီးနောက် ဂျပန်က ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူ ဟာမာဒါထံမှ ပဲ့ထိန်းဒုံးကျည်များကို ဖျက်ဆီးရန် အမိန့်ပေးမှုရှိလာနိုင်ရာ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရန် စစ်တပ်ကို ဧပြီလ (၂၂) ရက်တွင် ညွှန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ပြင်ဆင်မှုများအနက် ဂျပန်တောင်ပိုင်း အိုကီနာဝါစီရင်စုတွင် ပဲ့ထိန်းဒုံးကျည် ပျက်ကျလာမှုကြောင့် ထိခိုက်ပျက်စီးမှု လျော့နည်းစေရေး စစ်သားများ ဖြန့်ကျက်ချထားရန် စီစဥ်မှုလည်း ပါဝင်သည်။

ဂျပန်စစ်တပ်က မြေပြင်အခြေစိုက် Patriot Advanced Capability-3 ကြားဖြတ်ဟန့်တားပစ်ချသည့် ဒုံးကျည်နှင့် ပင်လယ်ပြင်အခြေစိုက် Standard Missile-3 ကြားဖြတ်ဟန့်တားပစ်ချသည့် ဒုံးကျည်သယ်ဆောင်ထားသော Aegis ဖျက်သင်္ဘောတို့ကို ဖြန့်ကျချထားမည်ဟုလည်း သိရသည်။ 

မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တုလွှတ်တင်ရန် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM (intercontinental ballistic missile) အသုံးပြုခြင်းမှာ ကုလသမဂ္ဂ တားမြစ်ပိတ်ပင်မှုကို ချိုးဖောက်ခြင်းဖြစ်မည်ဟု ဆိုသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ထံမှ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် နိုင်ငံ၏ ပထမဆုံး သူလျှိုဂြိုဟ်တုလွှတ်တင်မှုအတွက် ပြင်ဆင်မှုများကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောခဲ့သည်ဟု အစိုးရမီဒီယာ KCNA က ဧပြီလ (၁၉) ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

Source: Reuters