အမေရိကန်တွင် မူလတန်းကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် သေနတ်သမားက ပစ်ခတ်မှုမတိုင်မီ အွန်လိုင်းတွင် သတိပေးခဲ့ဟုဆို

REUTERS/Nuri Vallbona
REUTERS/Nuri Vallbona
အမေရိကန်တွင် မူလတန်းကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် သေနတ်သမားက ပစ်ခတ်မှုမတိုင်မီ အွန်လိုင်းတွင် သတိပေးခဲ့ဟုဆို
By Mr John

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ကလေးငယ် (၁၉) ဦးနှင့် ဆရာ/ဆရာမ (၂) ဦးကို စာသင်ခန်းတစ်ခုတည်းအတွင်း ပစ်သတ်ခဲ့သည့် ဆယ်ကျော်သက် သေနတ်သမားက ပစ်ခတ်မှုမတိုင်မီ မိနစ်ပိုင်းအလိုတွင် မူလတန်းကျောင်းကို သွားရောက်တိုက်ခိုက်တော့မည်ဟု အွန်လိုင်းမက်ဆေ့ချ်တစ်ခုတင်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က မေလ (၂၅) ရက်နေ့တွင် ပြောသည်။





ဒေသစံတော်ချိန် မေလ (၂၄) ရက်နေ့ နံနက်ပိုင်းက တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်အသစ်များ ထပ်မံသိရှိလာရသည်ဟု ဆိုသည်။



အခင်းဖြစ်နေရာတွင် ပစ်သတ်ခံလိုက်ရသည့် အသက် (၁၈) နှစ်အရွယ် သေနတ်သမား ဆယ်လ်ဗာဒေါရာမို့စ် (Salvador Ramos) က မေလ (၂၃) ရက်နေ့တွင် ၎င်း၏အဘွားကို သေနတ်ဖြင့်ပစ်တော့မည်ဟု အွန်လိုင်းမက်ဆေ့ချ် တင်ထားခဲ့ပြီး နောက်ထပ် အင်တာနက်ပို့စ်တစ်ခုတွင် ထိုသို့ လုပ်ပြီးသွားပြီဟု အတည်ပြုထားခဲ့ကြောင်း Greg Abbott က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။





သေနတ်သမားက ၎င်းနှင့်အတူနေထိုင်သည့် အဘွား၏မျက်နှာကို သေနတ်ဖြင့်ပစ်ခဲ့ပြီးနောက် အိမ်ကနေထွက်လာခဲ့ကာ မူလတန်းကျောင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး Robb မူလတန်းကျောင်းတွင် ရာမို့စ်၏ ပစ်ခတ်တိုက်ခိုက်မှုမှာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လူသေဆုံးမှုအများဆုံး အမေရိကန်စာသင်ကျောင်း ပစ်ခတ်မှုလည်း ဖြစ်လာခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။



အဘွားဖြစ်သူကို ပစ်သတ်ပြီးနောက် ကားမောင်းထွက်ပြေးလာခဲ့သည့် သေနတ်သမားက Robb မူလတန်းကျောင်းအနီးတွင် ကားတိုက်မှုဖြစ်ခဲ့သေးပြီး ထိုနေရာသို့ ချဥ်းကပ်လာသည့် ကျောင်းလုံခြုံရေး ရဲအရာရှိကို ရှောင်တိမ်းနိုင်ခဲ့ပြီး ကျောင်းအတွင်းသို့ ပြေးဝင်သွားခဲ့ကြောင်း သိရသည်။ 



ထို့နောက် ရာမို့စ်က ကျောင်းထဲသို့ အနောက်ဘက်တံခါးတစ်ခုကနေ AR-15 ရိုင်ဖယ်သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်ခဲ့ပြီး လေးတန်းစာသင်ခန်းသို့ ဦးတည်သွားရောက်ခဲ့သည်။

ထိုစာသင်ခန်းအတွင်းရှိနေသူ အားလုံးကို ရာမို့စ်က တရစပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ရာမို့စ်က ပစ်ခတ်မှုမတိုင်မီ ရက်ပိုင်းအတွင်း ရိုင်ဖယ်သေနတ် (၂) လက်နှင့် ကျည်ဆန် (၃၇၅) တောင့်ကို တရားဝင် ဝယ်ယူခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။



မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရပြီးနောက် ရဲတပ်ဖွဲ့က ကျောင်းကိုဝိုင်းထားလိုက်ကာ အမေရိကန် နယ်ခြားစောင့်ဌာန အေးဂျင့်များလည်း ရောက်ရှိလာပြီး အဆောက်အအုံအတွင်း ဝင်ရောက်ကာ သေနတ်သမားနှင့် ထိပ်တိုက်တွေ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အေးဂျင့်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးအရာရှိတွေက ပြောသည်။



အစောပိုင်းတွင် နယ်ခြားစောင့်အေးဂျင့် (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။



နောက်ဆုံးတွင် ဥပဒေစိုးမိုးရေးအရာရှိများက သေနတ်သမား ရာမို့စ်ကို အသေပစ်သတ် ရှင်းလင်းခဲ့ကြသည်။



ရာမို့စ်မှာ အထက်တန်းကျောင်းထွက်တစ်ဦးဖြစ်ပြီး ယခင်က ပြစ်မှုမှတ်တမ်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာရှိသည့် မှတ်တမ်းများ မရှိကြောင်း သိရသည်။





သေနတ်သမား ရာမို့စ်က ပစ်ခတ်တိုက်ခိုက်မည့်အကြောင်းကို Facebook တွင် ပို့စ်တင်ခဲ့ခြင်းဖြစ်ကြောင်း တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က ပြောသော်လည်း Facebook ၏ မိခင်ကုမ္ပဏီ Meta ကမူ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တစ်ဦးမှတစ်ဦးသို့ သီးသန့်ပေးပို့ထားသည့် မက်ဆေ့ချ်များကို တွေ့ရှိရသည်ဟု ပြောထားသည်။



ထိုမက်ဆေ့ချ်များကို မည်သူက လက်ခံရရှိခဲ့ကြောင်း သို့မဟုတ် Messenger သို့မဟုတ် Instagram ကဲ့သို့ Meta ၏ မည်သည့်ဝန်ဆောင်မှုကို အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ခြင်း မရှိပေ။



ထိုအတောအတွင်း ရာမို့စ်၏ မိခင်ဖြစ်သူ Adriana Reyes က ဗြိတိန်အခြေစိုက် Daily Mail သတင်းဝက်ဘ်ဆိုက်နှင့် အင်တာဗျူးတစ်ခုတွင် ၎င်း၏သားမှာ သူငယ်ချင်း အများအပြားမရှိဘဲ သီးခြားနေတတ်သူတစ်ဦးဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။



အမေရိကန်တွင် တက္ကဆက်ပြည်နယ် မူလတန်းကျောင်း ပစ်ခတ်မှုမတိုင်မီ မေလ (၁၄) ရက်နေ့ကလည်း နယူးယော့ခ်ပြည်နယ် Buffalo မြို့ရှိ လူမည်းရပ်ကွက်တစ်ခုအတွင်း စူပါမတ်ကက်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့သည်။ ယခုပစ်ခတ်မှုများနှင့်အတူ အမေရိကန်တွင် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးကိစ္စအပေါ် အချေအတင် ဆွေးနွေးပြောဆိုမှုများ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။



Source: Reuters, CNN



https://edition.cnn.com/us/live-news/texas-elementary-school-shooting-05-25-22/index.html

https://www.reuters.com/world/middle-east/deadliest-us-school-killing-nearly-decade-prompts-biden-call-action-2022-05-25/