အမေရိကန်တွင် ပြည်တွင်းအစွန်းရောက်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှု မြင့်တက်လာနိုင်

အမေရိကန်တွင် ပြည်တွင်းအစွန်းရောက်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှု မြင့်တက်လာနိုင်
By Mr John

အမေရိကန်နိုင်ငံတွင် တက္ကဆက်ပြည်နယ် မူလတန်းကျောင်းပစ်ခတ်မှု၊ ထုတ်ပြန်ရန်ရှိနေသည့် ကိုယ်ဝန်ဖျက်မှုဆိုင်ရာ တရားရုံးချုပ် ဆုံးဖြတ်ချက်နှင့် အမေရိကန်-မက္ကစီကို နယ်စပ်လုံခြုံရေးကိစ္စအပေါ် မကျေနပ်မှုတို့က အမေရိကန်အစွန်းရောက်များကို အကြမ်းဖက်ရန် စည်းရုံးနိုင်ကြောင်း ပြည်တွင်လုံခြုံရေးဌာန Department of Homeland Security (DHS) က ဇွန်လ (၇) ရက်နေ့တွင် ပြောသည်။

အမေရိကန်တွင် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများကို ဦးတည်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများ မြင့်တက်လာနိုင်ကြောင်း DHS က နောက်ဆုံးထုတ်ပြန်ထားသော National Terrorism Advisory System Bulletin တွင် ပြောထားသည်။

DHS က ၂၀၂၁ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း (၆) ကြိမ်မြောက်အဖြစ် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ထိုစဥ်က သမ္မတဖြစ်သူ ဒေါ်နယ်ထရန့်ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်စီးနင်းခဲ့ပြီးနောက် ပြည်တွင်းခြိမ်းခြောက်များကို တာဝန်ရှိသူများက အာရုံစိုက်လာခဲ့ကြသည်။

အမေရိကန်တွင် မေလအတွင်းက တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ မူလတန်းကျောင်းနှင့် နယူးယော့ခ်ပြည်နယ် Buffalo မြို့ရှိ စူပါမက်ကတ်တို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကို အွန်လိုင်းတွင် ချီးမွမ်းထားသူများရှိပြီး ၎င်းတို့အနက်မှ အချို့က ပုံစံတူ တိုက်ခိုက်မှုများလုပ်ရန် အားပေးခဲ့ကြသည်ကို တွေ့ရကြောင်း DHS ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

Uvalde မြို့ရှိ မူလတန်းကျောင်းအတွင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုတွင် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့သည်။

Buffalo မြို့ရှိ စူပါမတ်ကက်တစ်ခုတွင် လူမျိုးရေးမုန်တီးမှုဖြင့် လူဖြူအမျိုးသားတစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် လူမည်း (၁၀) ဦး သေဆုံးခဲ့သည်။

"ထိုဖြစ်ရပ်များက ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ၊ လက်ရှိဖြစ်ရပ်တွေကို တုံ့ပြန်မှုများနှင့် ပြင်းထန်သည့် အစွန်းရောက်အယူဝါဒများ လိုက်နာကျင့်သုံးမှု စသည့်အကြောင်းရင်းများကြောင့် အကြမ်းဖက်ရန် လတ်တလောတွင် လှုံ့ဆော်မှုဖြစ်ခဲ့သည်။ အစွန်းရောက်အယူဝါဒများတွင် လူမျိုးရေးအရ သို့မဟုတ် အစိုးရဆန့်ကျင်ရေး/အာဏာပိုင်ဆန့်ကျင်ရေး အစွန်းရောက်မှုများ ပါဝင်သည်" ဟု DHS က ဆိုသည်။

ကိုယ်ဝန်ဖျက်ခွင့်အပေါ် တရားရုံးချုပ် ဆုံးဖြတ်ချက်ကိစ္စတွင် ထောက်ခံသူများနှင့် ဆန့်ကျင်သူများ နှစ်ဘက်လုံးက အများပြည်သူ စုဝေးနေရာများ၌ အကြမ်းဖက်ရန် အားပေးခဲ့ကြသည်ဟု သိရသည်။

၁၉၇၃ ခုနှစ်တွင် ချမှတ်ထားခဲ့သော တစ်နိုင်ငံလုံးတွင် ကိုယ်ဝန်ဖျက်မှုကို တရားဝင်ဖြစ်စေသည့် ဆုံးဖြတ်ချက်ကို အမေရိကန်တရားရုံးချုပ်က ယခုလအတွင်း (၂၀၂၂ ခုနှစ် ဇွန်လအတွင်း) ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ရန် စီစဥ်ထားသည်။

အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက် အမေရိကန်အစိုးရက လုံခြုံရေးဆောင်ရွက်ရန် စိတ်မပါခြင်း သို့မဟုတ် မလုပ်နိုင်ခြင်းကို ပြည်တွင်အစွန်းရောက်အချို့က မကျေနပ်ကြဘဲ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်နေခြင်းကို ဟန့်တားရေး အကြမ်းဖက်ရန် တောင်းဆိုထားကြသည်ဟု DHS က ဆိုသည်။

ဒေသဆိုင်ရာ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတဝန်းရှိ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကြမ်းဖက်ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်နေကြောင်း DHS က ပြောထားသည်။

 

Source: Reuters