စစ်တပ်ကို ဆန့်ကျင်မှုဖြင့် ကျိုင်းတုံမြို့တွင် (၈)လကျော်အကြာ ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသား မောင်ဂျူးလီအား  ပုဒ်မ(၂)ခုဖြင့် ထောင်ဒဏ် (၆)နှစ် ချမှတ်

စစ်တပ်ကို ဆန့်ကျင်မှုဖြင့် ကျိုင်းတုံမြို့တွင် (၈)လကျော်အကြာ ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသား မောင်ဂျူးလီအား  ပုဒ်မ(၂)ခုဖြင့် ထောင်ဒဏ် (၆)နှစ် ချမှတ်
အောက်တိုဘာ 15, 2021 | ရှမ်းရှေ့
By Tachileik News Agency

စစ်တပ်ကို ဆန့်ကျင်မှုဖြင့် ကျိုင်းတုံမြို့တွင် (၈)လကျော်အကြာ ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသား မောင်ဂျူးလီအား ပုဒ်မ ၅၀၅-က အပါအဝင် လိုင်စင်မဲ့ကားမောင်းမှုဖြင့်ပါ  အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံများက ထောင်ဒဏ် (၆)နှစ် ချမှတ်ခံရကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ဆန္ဒပြပွဲအပြီးတွင် အာဏာသိမ်းစစ်တပ်၏ စရဖ နှင့် ရဲများ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည့်  တက္ကသိုလ်ကျောင်းသား မောင်ဂျူးလီအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅-က အပြင် ၎င်းအား ဖမ်းဆီးစဉ် လိုင်စင်မဲ့ ကားတစ်စီးပါသည်ဟုဆိုတာက ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ - ၈ဖြင့် ထပ်မံအမှုထပ်တိုးဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

အာခါတိုင်းရင်းသားတစ်ဦးဖြစ်သူ တက္ကသိုလ်ကျောင်းသား  မောင်ဂျူးလီအား ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့တွင် စစ်တပ်ကိုဆန့်ကျင်မှုဖြင့် ထောင်ဒဏ်(၃) နှင့် အပြင် လိုင်စင်မဲ့ကား အမှုဖြင့်ပါ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ပါ အမိန့်ချလိုက်သည့်အတွက် ထောင်ဒဏ်စုစုပေါင်း (၆)နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရေးတွေ လုပ်တဲ့အခါမှာ ရဲတွေ၊ စရဖတွေကိုယ်တိုင် လိုင်စင်မဲ့ကားတွေအသုံးပြုနေတာရှိတယ်။ အဲ့လိုကြတော့ ဘယ်လို လုပ်မလဲ။ ပြီးတော့ ဒေသတိုင်းမှာ လိုင်စင်မဲ့ကားတွေများတာပဲ။ တချို့ဆို လိုင်စင်မဲ့ကားအမှုကို ငွေဒဏ်နဲ့လည်းပြီးသာပဲ ခုက ကျောင်းသားလေးကို လိုင်စင်မဲ့ကားစီးလို့ ထောင်(၃)နှစ် ချတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးဗျ။ အဲ့လိုဆို နေရာတိုင်းမှာ တပြေးညီ လုပ်သင့်တာပေါ့။ ဒီနေ့ ကြားရတာလည်း စိတ်မကောင်းဘူးဗျာ

ဟု ကျိုင်းတုံ ဒေသခံ အမျိုးသားတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ပြောသည်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ သည် မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံး ဖြစ်စေချမှတ်ရမည်ဟု ပြဌာန်းထားရာတွင် ငွေဒဏ်ဖြစ် အဆိုပါ အမှုကို ပြီးစေသော်လည်း အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံများက အမြင့်ဆုံး ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်လိုက်ခြင်း ဖြစ်သည်။

 

ဆက်စပ်သတင်း