တာချီလိတ်မြို့မီးလင်းရေးက အိမ်သုံးမီတာနှင့်ပါဝါမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ပြား(၇၀)စီ လျှော့ပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာ

တာချီလိတ်မြို့မီးလင်းရေးက အိမ်သုံးမီတာနှင့်ပါဝါမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ပြား(၇၀)စီ လျှော့ပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာ
စက်တင်ဘာ 29, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် လျှပ်စစ်မီးဖြန့်ဖြူးနေသည့် တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က ထိုင်းဘက်မှ  ဈေးနှုန်းအနည်းငယ်လျော့ပေးလာ၍ တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီတာအသုံးပြုခများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ပြား(၇၀)စီ လျှော့ချ ကောက်ခံခြင်းအဖြစ် စက်တင်ဘာလ၏ သုံးစွဲယူနစ်ကနေ စတင်မည်ဖြစ်ကြောင်း ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့က ကြေညာထားရှိသည်။

လက်ရှိတွင် အိမ်သုံးမီတာခများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၆.၅၀)ဘတ်အဖြစ် လည်းကောင်း၊ လုပ်ငန်းသုံး ပါဝါမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၇.၉၀)ဘတ်ကောက်ခံနေရာမှ ထိုင်းနိုင်ငံဘက်က  လျှပ်စစ်ဓာတ်အားခ အပိုကြေး (Ft)ထပ်ဆောင်း ကောက်ခံမှု အနည်းငယ်ကျဆင်းလာသည့်အတွက် အိမ်သုံးမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅.၈၀)ဘတ်ဖြင့် လည်းကောင်း၊ လုပ်ငန်းသုံး ပါဝါမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၇.၂၀)ဘတ်အဖြစ်လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို လျော့ပေါ့ ကောက်ခံမှုကို စက်တင်ဘာလအတွင်း အသုံးပြုသည့် သုံးစွဲယူနစ်ကနေ စတင်မည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

မြို့မီးလင်းရေးဦးဆောင်ကော်မတီအနေဖြင့် ထိုင်းနိုင်ငံဘက်က ဈေးနှုန်းများအပေါ် မူတည်ပြီး ဈေးနှုန်းလျှော့ချပေးမှုများ ပြုလုပ်လေ့ရှိသော်လည်း အိမ်ခန်းငှား ပိုင်ရှင်များမှာ မီးလင်းရေးရုံးထက် မတန်တဆ တိုးမြှင့်ကောက်ခံနေသည်မှာ ဆင်ခြင်တုံတရားကင်းမဲ့လွန်းပြီး လုပ်ချင်တိုင်း လုပ်နေကြသည့်အပေါ် မီးလင်းရေးအနေဖြင့်လည်း ထိန်းသိမ်းပေးသင့်သည်ဟု အိမ်ခန်းငှားရမ်းနေထိုင်သူများက ဆိုသည်။

"မနေ့က မီးလင်းရေးက မီတာခလျှော့ချကောက်ခံမဲ့အကြောင်း ကြေညာတာတွေ့လိုက်တယ်။ မီးလင်းရုံးက ဘယ်လောက်ပဲ လျှော့ပေး လျှော့ပေးအိမ်ခန်းငှား ပိုင်ရှင်တွေကတော့  ကျွန်တော်တို့လို အိမ်ခန်းငှားတွေအပေါ် တစ်ယူနစ်ကို (၁၀)ဘတ်အထက် ကောက်နေကြတယ်။ တချို့နေရာ တော်တော်များများမှာလည်း တစ်ယူနစ်ကို (၁၅)ဘတ်အထိ ကောက်ချင်တိုင်း ကောက်နေကြတာရှိတယ်။ မီးလင်းရေးရုံးထက် ပိုကောက်တဲ့ အိမ်ခန်းငှားပိုင်ရှင်တွေကိုရော မီးလင်းရေးက မထိန်းညှိပေးနိုင်ဘူးလား။ ဒီကိစ္စလေးတောင် မလုပ်ပေးနိုင်ရင် ကျွန်တော်တို့ ဘယ်သူ့ကို အကူညီတောင်းရမလဲ"ဟု ပါလျှံ(၂)အတွင်း အိမ်ငှားနေထိုင်သူ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ မီးလင်းရေးအနေဖြင့် လျှပ်စစ်မီးဖြန့်ဖြူးရေးကိုသာ ဦးတည်ပြီး အိမ်ရှင်အိမ်ငှားအကြား လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံနေသည့် ကိစ္စများနှင့် ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ ဖြေရှင်းပေးဖူးခြင်းမရှိ၍ အိမ်ခန်းငှားပိုင်ရှင်များမှာ တိုးမြှင့်ကောက်ခံချင်တိုင်း ကောက်ခံနေလျှက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီးအသုံးပြုခြင်းနှင့် ပတ်သက်၍ လျှပ်စစ်မီးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့မှ လျှပ်စစ်မီးများကို ရယူပြီး တဆင့်ပြန်လည် ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။