ကျိုင်းတုံမြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် သဘာဝဘေးဖြင့် ဖမ်းဆီးထားသူ (၄)ဦး (၈)လကျော်အကြာတွင် အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံရ

ကျိုင်းတုံမြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် သဘာဝဘေးဖြင့် ဖမ်းဆီးထားသူ (၄)ဦး (၈)လကျော်အကြာတွင် အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံရ
အောက်တိုဘာ 15, 2021 | ရှမ်းရှေ့

 

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်မှုဖြင့် ပထမဆုံး ဖမ်းဆီးခံရသူများထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံထားရသည့် (၄)ဦးကို   ထောင်ထဲထည့်ထားသည့် (၈)လကျော်အကြာဖြစ်သည့် ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့တွင် အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ကျောင်းဆရာမ မမီဆော (ခ)နန်းရှဲန်လာ၊ ကျိုင်းတုံမြို့နယ် NLD အတွင်းရေးမှူး ဦးမြင့်စိုး၊ ဆိုင်ကယ် Taxi မောင်းသူ ဦးမိုးအောင် နှင့် မချော (ခ) ဒေါ်ခင်မမလှိုင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုပြီး ယနေ့  ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံ တစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသော်လည်း အဆိုပါ (၄)ဦးကို လျော့ပေါ့မပေးဘဲ အမြင့်ဆုံးအဖြစ် ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ချလိုက်တဲ့ ပြစ်ဒဏ်က ထောင်(၃)နှစ်တဲ့ ခိုးဆိုးလုယက်နေတာလည်း မဟုတ်ဘူး။ သူခိုးတွေကြတော့ ပြန်ပြန်လွှတ်နေတာ။ တချို့လည်း အမှန်တကယ် မကျူးလွန်ရဘဲနဲ့ ညှာတာလို့ရလျက်နဲ့ မညှာတာဘဲ သဘာဝဘေး ၂၅ ရဲ့ အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်အထိ တောင်ချလိုက်ကြတယ်။ သူများတွေကတော့ ပြောနေကြတယ် ထောင်ဒဏ် အမိန့်ချတာက တရားသူကြီးရဲ့ ဆုံးဖြတ်ခွင့်က အဓိက မဟုတ်ဘူး တြိဂံတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးက အဓိကလို ပြောနေကြတယ်။ ဘယ်လိုဖြစ်ဖြစ် ဘာသာတရားတွေ လုပ်နေကြတာပဲ ဒီလောက်တော့ မလုပ်သင့်ဘူးပေါ့

ဟု ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ အမိန့်ချလိုက်သည့် (၄)ဦးအား ဖေဖော်ဝါရီလ(၉)ရက်နေ့က ဖမ်းဆီးပြီးနောက် ကျိုင်းတုံထောင်အတွင်းသို့ ထည့်ထားပြီး ထောင်တွင်းတရားရင်ဆိုင်ရသည့် (၈)လကျော်ကြသည့်နေ့မှာပင် အမိန့်ချခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံရသည့် မြို့များမှာ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့တို့ဖြစ်ပြီး မိုင်းဆတ်မြို့မှ (၁)ဦးကိုတော့ အမှုရုတ်သိမ်းပေးခဲ့ပြီး တာချီလိတ်မြို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသူ (၉)ဦးကိုတော့ စက်တင်ဘာလ(၂၃)ရက်နေ့က ထောင်ဒဏ် (၁)နှစ်စီ ချမှတ်ခဲ့သော်လည်း ကျိုင်းတုံမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်လိုက်ခြင်း ဖြစ်သည်။



 

ဆက်စပ်သတင်း