နိုင်ငံ့အာဏာသိမ်းကာလအတွင်း တာချီလိတ်မြို့မှ ဖမ်းခံရသူများအနက် ထောင်အတွင်းထည့်ထားသည့် ဦးတင့်ဆွေ အပါအဝင် (၉)ဦးကို (၇)လကျော်ကြာမှ  သဘာဝဘေးဖြင့် ထောင်ဒဏ်(၁)နှစ်စီ ချမှတ်

နိုင်ငံ့အာဏာသိမ်းကာလအတွင်း တာချီလိတ်မြို့မှ ဖမ်းခံရသူများအနက် ထောင်အတွင်းထည့်ထားသည့် ဦးတင့်ဆွေ အပါအဝင် (၉)ဦးကို (၇)လကျော်ကြာမှ  သဘာဝဘေးဖြင့် ထောင်ဒဏ်(၁)နှစ်စီ ချမှတ်
စက်တင်ဘာ 29, 2021 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆန္ဒပြပွဲများတွင် ဦးဆောင်ခြင်း သို့မဟုတ် ပါဝင်မှုကြောင့်ဟု ဆိုကာ သဘာဝဘေး ပုဒ်မ (၂၅)ဖြင့် အမှုဖွင့်ပြီး ကျိုင်းတုံထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ထားသည့် (၇)အကြာတွင် (၉)ဦးကို ထောင်ဒဏ်(၁)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းခံရပြီးနောက် ပထမဆုံးဖမ်းဆီးခံရပြီး အမှုဖွင့်ခံရသူမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့ညပိုင်းက မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် ရွှေတာချီခရီးသွားလုပ်ငန်း(ရွှေတာချီလူမှုကူညီရေးအသင်း)မှ ဦးကျော်မြင့်တို့ဖြစ်ပြီး ၎င်းတို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၏ ဇနီးဖြစ်သူ အလယ်တန်းပြဆရာမ ဒေါ်ခင်မာဦး၊ ဦးဇော်သူရှိန်(ခ)ဇော်ဇော်၊ ဦးမြတ်မင်းအောင်၊ ဦးအောင်မြတ်(ဆက်သွယ်ရေး)၊ ဦးဝင်းကျော်(ခ)ဦးဝေမိုး၊ ဦးအောင်ဇေယျာဖြိုး (ခ) ကိုဖြိုး နှင့် ခွန်ပြူး(ခ)ပအိုဝ်း တို့ ဖြစ်ကြသည်။

ထောင်ဒဏ်(၁)နှစ် ချမှတ်ခံလိုက်ရသည့်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေသည် တာချီလိတ်မြို့၏ Covid-19 ကာကွယ်ရေးအတွက် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းဖြစ်လာအောင် စတင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့တွင် Covid-19 လျော့ပါးရေးအတွက် လိုက်လံအသိပေးမှုများကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်သည်။

၎င်းတို့ (၉)ဦးအား တာချီလိတ်မြို့တွင် ဖမ်းဆီးပြီး  ကျိုင်းတုံထောင်သို့ ချက်ချင်း ပို့ဆောင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)ဖြင့် အမှုဖွင့်ကာ ကျိုင်းထောင်အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားသည့် (၇)လကျော်ကြာမှ ထောင်ဒဏ်(၁)နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

သူတို့ကို သဘာဝဘေးနဲ့ (၁)နှစ်စီ အမိန့်ချလိုက်ကြတယ်။ အထဲမှာနေရတာ (၇)လကျော်ရှိထားပြီးသားဆိုတော့ လျှော့ရက်နဲ့ဆိုရင်တော့ သိပ်မကျန်တော့ဘူး။  ၅၀၅ တွေကိုတော့ အမိန့်မချသေးဘူး ကျန်နေသေးတယ်

ဟု တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်က စက်တင်ဘာလ(၂၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် စစ်တပ်မှအာဏာသိမ်းထားသည့် ကာလအတွင်း ဖမ်းဆီးခံထားရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)ဖြင့် အမှုဖွင့်ခံထားရသူမှာ ဖမ်းဆီးရမိသူနှင့် ဖမ်းမမိသေးသူများ အပါအဝင် အနည်းဆုံး (၁၅)ဦးအထက်ရှိနေပြီး လက်ရှိမှာ ဖမ်းမိထားသည့် (၉)ဦးကိုသာ (၇)လကျော်အကြာတွင် ထောင်ဒဏ်(၁)နှစ်အဖြစ် အမိန့်ချခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရအပြီး စစ်တပ်ကိုဆန့်ကျင်မှုဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူ အများအပြားရှိနေရာတွင် ယနေ့အချိန်အထိ တစ်ဦးတစ်ယောက်ကိုမှ အမိန့်ချခြင်းမရှိသေးကြောင်း နှင့် ဖမ်းဆီးခံရမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ညပိုင်း၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

တာချီလိတ်၊ ကျိုင်းတုံ နှင့် တောင်ကြီးတို့မှ (၄)ဦးကို တပ်က နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီး