တစ်နှစ်ကျော်ကြာ အမှိုက်မပစ်ဘဲ တိုက်ခန်းအတွင်း အမှိုက်ပုံအလယ်တွင် နေထိုင်ခဲ့သည့် တရုတ်အမျိုးသမီး

တစ်နှစ်ကျော်ကြာ အမှိုက်မပစ်ဘဲ တိုက်ခန်းအတွင်း အမှိုက်ပုံအလယ်တွင် နေထိုင်ခဲ့သည့် တရုတ်အမျိုးသမီး
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် Qingdao မြို့မှ အိမ်ရှင်တစ်ဦးမှာ ၎င်း၏ တိုက်ခန်းအတွင်း ဝင်ရောက်ကြည့်ရှုခဲ့စဥ် အိမ်ငှားနေသူ အမျိုးသမီးက တစ်နှစ်ကျော်ကြာအထိ အမှိုက်မပစ်ဘဲထားသည်ကို တွေ့ရ၍ အံ့ဩပြီး မျက်လုံးပြူးခဲ့ရသည်။

 ပိုင်ရှင်ဖြစ်သူ Xie က တိုက်ခန်းအတွင်း အမှိုက်ပုံကြီးဖြစ်နေသည့် မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် ဗီဒီယိုရိုက်ကူးထားခဲ့ပြီး Newsflare သတင်းဌာနက ထိုဗီဒီယိုကို လက်ခံရရှိခဲ့သည်။

အမည်ဖော်ပြထားခြင်းမရှိသည့် အိမ်ငှားနေသူ အမျိုးသမီးတစ်ဦးက အမှိုက်ပုံအလယ်တွင်ထိုင်ကာ ဖုန်းသုံးနေပြီး အခြား အမျိုးသမီးက တိုက်ခန်းအတွင်း အမှိုက်များကို ရှင်းလင်းနေသည်ကို Xie ၏ ဗီဒီယိုတွင် တွေ့ရသည်။ 

တိုက်ခန်းအတွင်း တွေ့ရသည့် အမှိုက်ပုံမှာ အလွန်မြင့်ပြီး ပြတင်းပေါက်များအထိ ရောက်နေခဲ့သည်။

တိုက်ခန်းအတွင်း အမှိုက်ပုံမှ အနံ့များထွက်နေပြီး ကြုံခဲ့ဖူးသမျှ အဆိုးဆုံးဖြစ်ကြောင်းနှင့် အန်ချမိတော့မည်ဟု ထင်ခဲ့ရကြောင်း Xie က ပြောသည်။ 

အမှိုက်များမှာ ဗီဒီယိုတွင် တွေ့ရသည်ထက်ပင် ပို၍ဆိုးကြောင်းနှင့် ဗီဒီယို မရိုက်မီ ရှင်းလင်းထားခဲ့သေးကြောင်းလည်း Xie က ဆိုသည်။ 

Xie ၏ တိုက်ခန်းအတွင်းမှ အမှိုက်များကို အချိန် (၅) နာရီကြာ ရှင်းထုတ်ခဲ့ရသည်။

ထို့နောက် အိမ်ငှားနေသူကို နေရာအသစ်ရှာရန် ရက်အနည်းငယ် အချိန်ပေးခဲ့ပြီး လျော်ကြေးအနည်းငယ်လည်း ပေးခဲ့ကြောင်း သိရသည်။ 

အိမ်ငှားနေသူ အမျိုးသမီးမှာ ဗီဒီယိုတွင် တွေ့ရသည့် ဖုန်းသုံးနေသော အမှိုက်ပုံအလယ် နေရာ၌ပင် အိပ်လေ့ရှိသည်ဟု ဆိုသည်။ 

တိုက်ခန်းအတွင်း အမှိုက်ပုံအလယ်တွင် တစ်နှစ်ကျော်ကြာ နေထိုင်နေခဲ့သည့် ထိုအမျိုးသမီး၏ ညစ်ပတ်စွာ နေတတ်သော အပြုအမူကို လူအများက အံ့အားသင့်ခဲ့ကြရသည်။

 

Source: NY Post