အိမ်ဖြူတော်တွင် ပြုလုပ်မည့် အမေရိကန် - အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာစစ်အုပ်စုခေါင်းဆောင်ကို  ဖိတ်ကြားမည် မဟုတ်

အိမ်ဖြူတော်တွင် ပြုလုပ်မည့် အမေရိကန် - အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာစစ်အုပ်စုခေါင်းဆောင်ကို  ဖိတ်ကြားမည် မဟုတ်
By Mr John

မေလအတွင်း အိမ်ဖြူတော်တွင် ပြုလုပ်သွားမည့် အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များ အားလုံး ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

အမေရိကန် - အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့သည့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမည် မဟုတ်ကြောင်း အင်ဒိုနီးရှားသတင်းဌာန Benar News က ဖော်ပြသည်။

ထို့အတူ လာမည့် ဇွန်လအတွင်း သမ္မတသက်တမ်းကုန်ဆုံးမည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးလည်း ပါဝင်မည် မဟုတ်ကြောင်း မျှော်လင့်ရသည်။

ဒူတာတေးသည် ၎င်း၏ သမ္မတသက်တမ်း ခြောက်နှစ်အတွင်း အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမရှိဘဲ ဆက်ဆံရေးဆိုးရွားခဲ့သည်ဟု ဆိုသည်။



သမ္မတဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို မူလက မတ်လ (၂၈) ရက်နှင့် (၂၉) ရက်တွင် ပြုလုပ်ရန်စီစဥ်ထားခဲ့ပြီးနောက် ရွှေ့ဆိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအခါ ထိပ်သီးဆွေးနွေးပွဲကို မေလ (၁၂) ရက်နှင့် (၁၃) ရက်တွင် ပြုလုပ်သွားမည်ဟု အတည်ပြုထားပြီး ယခုထိပ်သီးဆွေးနွေးပွဲသည် အမေရိကန်နှင့် အာဆီယံကြား (၄၅) နှစ်ကြာ ဆက်ဆံရေး အထိမ်းအမှတ်ဟု ဆိုသည်။

ဒါ့အပြင် အမေရိကန်သမ္မတတစ်ဦးက အမေရိကန်ပြည်ထောင်စုတွင် အာဆီယံခေါင်းဆောင်များနှင့် ပြုလုပ်သည့် ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲလည်း ဖြစ်လာမည် ဖြစ်သည်။



အာဆီယံ အပါအဝင် အာရှနှင့်ဆက်ဆံရေးကို ခိုင်မာစေခြင်းသည် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးဖြစ်ကြောင်း အမေရိကန်က ကာလရှည်ကြာ ပြောနေခဲ့သည်။

"ဘိုင်ဒန်-ဟာရစ် အစိုးရအဖွဲ့အတွက် အရှေ့တောင်အာရှဒေသတွင်း ခိုင်မာပြီး ယုံကြည်ရတဲ့ မိတ်ဖက်အဖြစ် ရပ်တည်ဆောင်ရွက်သွားဖို့က ထိပ်တန်းဦးစားပေးတစ်ခုပါ" ဟု ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍ အိမ်ဖြူတော်၏ ဧပြီ (၁၆) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



သမ္မတဂျိုးဘိုင်ဒန်က ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း အာဆီယံခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သေးသည်။

ထိုအွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ မပါဝင်ခဲ့ပေ။ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ကြသည်။



Source: Berna News