တူရကီနိုင်ငံတွင် ငလျင်ကြောင့် လူပေါင် းသောင်းနှင့်ချီ သေဆုံးခဲ့မှုကြောင့် အဆောက်အဦး ကန်ထရိုက်တာ (၁၆၀)ကို ဖမ်းဆီးအရေးယူ၊ ကျန်ရှိသူများကိုလည်း ဆက်လက်စုံစမ်းနေ

တူရကီနိုင်ငံတွင် ငလျင်ကြောင့် လူပေါင် းသောင်းနှင့်ချီ သေဆုံးခဲ့မှုကြောင့် အဆောက်အဦး ကန်ထရိုက်တာ (၁၆၀)ကို ဖမ်းဆီးအရေးယူ၊ ကျန်ရှိသူများကိုလည်း ဆက်လက်စုံစမ်းနေ
ဖေဖော်ဝါရီ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

 

တူရကီနိုင်ငံတွင် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်မှုနောက်ပိုင်း ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ ချိုးဖောက်မှုဖြင့်   အဆောက်အအုံ ကန်ထရိုက်တာ (၁၆၀)ကို ဖမ်းဆီးအရေးယူထားပြီး ကျန်ရှိသူများကိုလည်း စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။ 

ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ ချိုးဖောက်မှုဖြင့်  (၅၆၄) ဦးကို ဖော်ထုတ်သိရှိထားပြီး (၁၆၀) ဦးကို တရားဝင် ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်ထပ် အများအပြားကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu က ဆိုသည်။ 

"ကျွန်တော်တို့ရဲ့  မြို့တွေကို မှန်ကန်တဲ့နေရာတွေမှာ တည်ဆောက်သွားပါမယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေ ပိုမိုခိုင်မာတဲ့ မြို့တွေမှာ နေထိုင်သွားကြပါမယ်။ ဘယ်လိုစမ်းသပ်မှုမျိုးတွေ ကြုံနေရလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပိုမိုခိုင်မာတဲ့ မြို့တွေ ပေါ်ထွက်လာပါမယ်" ဟု ပြည်ထဲရေးဝန်ကြီးက အစိုးရသတင်းဌာန TRT Haber ကို ပြောသည်။

တူရကီသမ္မတ Tayyip Erdogan က ငလျင်ဒဏ်သင့် နေရာများတွင် တစ်နှစ်အတွင်း နေအိမ်များ ပြန်လည်တည်ဆောက်သွားမည်ဟု ကတိပြုထားသလို ငလျင်ဒဏ်သင့် ပြည်သူများအတွက် အိမ်ရာစီမံကိန်းများ အရှိန်မြှင့်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ 

ပြည်ထဲရေးဝန်ကြီး Soylu ၏ ပြောကြားမှုအရ ငလျင်ဒဏ်သင့်ဇုန်တွင် ယာယီ ရွက်ဖျင်တဲ (၃၁၃,၀၀၀) ခန့်နှင့် ကွန်တိန်နာနေအိမ် (၁၀၀,၀၀၀) စီစဥ်ပေးထားကြောင်း သိရသည်။ 

ဖေဖေါ်ဝါရီလအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သော ငလျင်ကြီးများကြောင့် တူရကီတွင် သေဆုံးသူအရေအတွက် (၄၃,၅၅၆) ဦးအထိ ရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက် ညပိုင်းတွင် ပြောခဲ့သည်။

ဖေဖေါ်ဝါရီလ (၆) ရက်နေ့က တူရကီနိုင်ငံနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ပထမဆုံး ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင် (၇,၉၃၀) လှုပ်ခဲ့ကြောင်းနှင့် လူနေတိုက်ခန်း (၆၀၀,၀၀၀) ကျော်နှင့် စီးပွားရေးလုပ်ငန်းနေရာ (၁၅၀,၀၀၀) မှာ အနည်းဆုံးဖြစ် အတန်အသင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Soylu က ဆိုသည်။ 

မြို့ပြဖော်ဆောင်ရေးဝန်ကြီး Murat Kurum ၏ ပြောကြားမှုအရ ငလျင်ကြောင့် လူနေတိုက်ခန်း (၅၃၀,၀၀၀) ကျော် ပါဝင်သည့် အဆောက်အအုံ (၁၆၄,၀၀၀) ဆိုးရွားစွာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တူရကီတွင် ငလျင်လှုပ်ပြီးနောက် လူဦးရေ (၈၆၅,၀၀၀) ခန့်မှာ ယာယီ ရွက်ဖျင်တဲများနှင့် ကွန်တိန်နာနေအိမ် (၂၃,၅၀၀) တွင် နေထိုင်နေကြပြီး နောက်ထပ် လူဦးရေ (၃၇၆,၀၀၀) မှာ ကျောင်းသားအဆောင်များနှင့် အစိုးရဧည့်ရိပ်သာများတွင် နေထိုင်လျက်ရှိကြောင်း တူရကီသမ္မတ Erdogan က ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ပြောခဲ့သည်။ 

၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့ ငလျင်ကြီးကြောင့် ဆီးရီးယားနိုင်ငံတွင်လည်း လူ (၄,၅၀၀) ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၅၀,၀၀၀) နီးပါးရှိလာကြောင်း သိရသည်။

Source: Reuters