ရုရှားက ယူကရိန်းနိုင်ငံအတွင်း မြို့အများအပြားရှိ လူအသွားအလာများသည့် နေရာများကို ရွေးချယ်ပြီး ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ

ရုရှားက ယူကရိန်းနိုင်ငံအတွင်း မြို့အများအပြားရှိ လူအသွားအလာများသည့် နေရာများကို ရွေးချယ်ပြီး ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ
အောက်တိုဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားက ယူကရိန်း၏ ကိဗ်မြို့တော် အပါအဝင် နိုင်ငံတဝန်းရှိ မြို့အများအပြားကို အောက်တိုဘာလ (၁၀) ရက် နံနက်ပိုင်း အသွားအလာများပြားချိန်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ခရိုင်မီးယားတံတားပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို အပြစ်ဖို့ခဲ့ကာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းမြို့များကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများမှာ ရုရှားနှင့် ခရိုင်မီးယားဒေသကို ဆက်သွယ်ထားသော အဓိကကျသည့် တံတားပေါ်တွင် အောက်တိုဘာလ (၈) ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သမ္မတပူတင်က ထုတ်ဖော်ပြောခဲ့သည်။ 

ခရိုင်မီးယားတံတားမှာ ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် အရေးပါသည့် ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။

အောက်တိုဘာလ (၁၀) ရက် နံနက်ပိုင်းတွင် ရုရှားတပ်ဖွဲ့များက ပစ်လွှတ်ခဲ့သည့်ဒုံးကျည်များမှာ အသွားအလာများပြားသည့် လမ်းဆုံလမ်းခွများ၊ ပန်းခြံများနှင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားသည့် ကိဗ်မြို့ မြို့လယ်နေရာများကို ထိမှန်ခဲ့ကြောင်း သိရသည်။

 မှတ်တမ်းဗီဒီယိုတစ်ခုတွင် ကိဗ်မြို့ရှိ Klitschko တံတားကို ရုရှားဒုံးကျည်ထိမှန်ခဲ့သည်ကို ကြောက်မက်ဖွယ်ရာ တွေ့ရသည်။ 

ကိဗ်မြို့ရှိ ဂျာမန်ကောင်စစ်ဝန်ရုံးကိုလည်း ရုရှားဒုံးကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကိဗ်မြို့ရှိ ကလေးကစားကွင်းတစ်ခု၌လည်း ဒုံးကျည်ထိမှန်ခဲ့ပြီးနောက် တွင်းပေါက်ဝကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်ကို ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် တွေ့ရကြောင်း BBC သတင်းက ဖော်ပြသည်။

 "ယူကရိန်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခံနေရပါတယ်။ မြို့အများအပြားမှာ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှု သတင်းတွေ ကြားသိရပါတယ်" ဟု ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲ Kyrylo Tyoshenko က ဆိုရှယ်မီဒီယာတွင် ပြောထားပြီး အများပြည်သူကို အမိုးအကာများတွင် နေကြရန် တိုက်တွန်းခဲ့သည်။

ကိဗ်မြို့တော်အပြင် ယူကရိန်းအနောက်ပိုင်းရှိ Lviv, Ternopil နှင့် Zhytomyr မြို့များ၊ အလယ်ပိုင်းရှိ Dnipro နှင့် Kremenchuk မြို့၊ တောင်ပိုင်းရှိ Zaporizhzhia နှင့် Odesa မြို့နှင့် အရှေ့ပိုင်းရှိ Kharkiv မြို့တို့တွင်လည်း ဒုံးကျည်ထိမှန်ပြီး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အသွားအလာများပြားချိန်တွင် လုပ်ဆောင်သည့် တိုက်ခိုက်မှုများမှာ လူများကိုသတ်ရန် တမင်ရည်ရွယ်ပြီး အချိန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ရန်လည်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။

ရုရှားက နယ်မြေ (၈) ခုရှိ အဓိကကျသည့် အခြေခံအဆောက်အအုံ ပစ်မှတ် (၁၁) ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ၏ နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား၊ ရေ သို့မဟုတ် အပူပေးစနစ် ပြတ်တောက်ခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ဆိုသည်။ 

ယူကရိန်းမြို့တော် ကိဗ်မြို့တွင် အသွားအလာ များပြားရှုပ်ထွေးသည့် အောက်တိုဘာလ (၁၀) ရက် ဒေသစံတော်ချိန် နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က ကျယ်လောင်သည့် ပေါက်ကွဲသံများကြားခဲ့ရကြောင်း AFP သတင်းထောက်က ပြောသည်။

ရုရှားက ယူကရိန်းမြို့များကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ (၁၀) ဦး သေဆုံးပြီး (၆၀) ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

ယူကရိန်းလေတပ် ပြောခွင့်ရအမျိုးသား၏ အဆိုအရ ရုရှားက ယူကရိန်းနိုင်ငံအတွင်း ပစ်မှတ်များကို ဒုံးကျည် (၈၃) စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အများအပြားကို ကြားဖြတ်ဟန့်တား ပစ်ချခဲ့ကြောင်းနှင့် ဆက်လက် တိုက်ခိုက်နေကြောင်း အောက်တိုဘာလ (၁၀) ရက် နံနက်ပိုင်းတွင် ပြောခဲ့သည်။

ယူကရိန်းမြို့အများအပြားကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွက် ရုရှားကို အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံများ၊ NATO စစ်ရေးမဟာမိတ်အဖွဲ့နှင့် ဥရောပသမဂ္ဂတို့က ရှုတ်ချခဲ့သည်။ 

ရုရှားက ယူကရိန်းမြို့များကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာလ (၁၀) ရက်နေ့၌ပင် ကုလသမဂ္ဂ အထွေထွေညီလာခံတစ်ရပ် ပြုလုပ်သွားရန်ရှိကြောင်းလည်း သိရသည်။ 

ယူကရိန်းနယ်မြေ (၄) ခုကို သိမ်းပိုက်လိုက်ကြောင်း ရုရှား၏ ကြေညာမှုနှင့် ပတ်သက်၍ အရေးပေါ် ညီလာခံပြုလုပ်ပြီး ဆွေးနွေးရန် ကုလသမဂ္ဂက စီစဥ်ခဲ့ခြင်းဖြစ်သော်လည်း ထိုဆွေးနွေးမှုတွင် ရုရှားက ယူကရိန်းမြို့များကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကိစ္စက လွှမ်းမိုးနေလိမ့်မည်ဟု ဆိုသည်။

Source: AFP, Reuters, BBC