တူနာငါးသေတ္တာ စွဲနေသူ အမေရိကန် အမျိုးသားတစ်ဦး တစ်ပတ်လျှင် (၁၅) ဘူးနီးပါး စား 

တူနာငါးသေတ္တာ စွဲနေသူ အမေရိကန် အမျိုးသားတစ်ဦး တစ်ပတ်လျှင် (၁၅) ဘူးနီးပါး စား 
သြဂုတ် 26, 2023 | နိုင်ငံတကာသတင်း
By Mr John

 အ‌မေရိကန် တီဗီချန်နယ် TLC က စီစဥ်တင်ဆက်သည့် "My Strang Addiction" အစီအစဥ်တွင် ပါဝင်ခဲ့သူ ကန်းဆက်ပြည်နယ်မှ အမျိုးသားတစ်ဦး၏ အထူးအဆန်း စွဲလမ်းနှစ်သက်မှုမှာ လူအများအတွက် အံ့အားသင့်ဖွယ် ပြောစရာအဖြစ် ပျံ့နှံ့ခဲ့သည်။ 

တိုင်လာ အမည်ရှိ ထိုအမျိုးသားက တူနာငါးသေတ္တာကို အလွန်အမင်း စွဲလမ်းနှစ်သက်ပြီး ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် (၁၅) ဘူး နီးပါး စားနေကြောင်း သိရသည်။

တိုင်လာက တူနာငါးသေတ္တာဘူးတွင် ပါဝင်သည့် အရည်များကိုလည်း ဖျော်ရည်သဖွယ် သောက်တတ်ပြီး တူနာငါးသေတ္တာ၏ အနံ့ကိုလည်း စွဲလမ်းနှစ်သက်သူ ဖြစ်သည်။ 

နေ့တိုင်း အချိန်တိုင်း တူနာငါးသေတ္တာကို စားသောက်နေသည့် ၎င်းကို 'တူနာတိုင်လာ' ဟု ခေါ်ကြကြောင်း တိုင်လာက ပြောသည်။ 

"တူနာငါးအနံ့ နေ့တိုင်း၊ တစ်ချိန်လုံး၊ တစ်ညလုံး ရှူရတာကို ကျွန်တော် ကြိုက်တယ်" ဟု တိုင်လာက ဖွင့်ဟသည်။

တိုင်လာက တူနာငါးသေတ္တာ အနံ့ရှူခြင်းနှင့် စားသောက်ရခြင်းကို စွဲနေခဲ့သည်မှာ (၅) နှစ်နီးပါး ကြာပြီဖြစ်ပြီး စုစုပေါင်း ဘူး (၄,၀၀၀) နီးပါး စားသောက်ခဲ့ပြီး ဖြစ်သည်။ 

အလွန်ငယ်သေးသည့် အသက်အရွယ်ကတည်းက တူနာငါးကို စတင်စွဲလမ်းခဲ့ကြောင်း TLC ၏  YouTube ချန်နယ်က ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း တင်ထားသည့် ဗီဒီယိုတစ်ခုတွင် တိုင်လာက ထုတ်ဖော်ပြောခဲ့သည်။

တိုင်လာ၏ မိခင်ကလည်း "သူက ငါးကို အမြဲတမ်း ကြိုက်တယ်။ သူ ငယ်ငယ်လေးတုန်းကဆိုရင် အီစတာပွဲတော်ရက်မှာ ကလေးအများစုက ချောကလက်လို အစားအစာမျိုးတွေ စားချင်ကြတာ။ သူကတော့ ချောကလက် မစားဘူး။ ဒါကြောင့် သူ့အတွက် တူနာငါးသေတ္တာထည့်ပေးရတယ်။ သူက အဒါကို ကြိုက်တယ်လေ" ဟု ပြောခဲ့သည်။

Source: NY Post

Photo: TLC