နျူကလီးယား စမ်းသပ် လွှတ်တင်ပြီး ရန်စမှုများ မြောက်ကိုရီးယားဘက်က အချိန် မရွေး ထလုပ်လာနိုင် 

နျူကလီးယား စမ်းသပ် လွှတ်တင်ပြီး ရန်စမှုများ မြောက်ကိုရီးယားဘက်က အချိန် မရွေး ထလုပ်လာနိုင် 
By Mr John

မြောက်ကိုရီးယားနိုင်ငံက (၇) ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သတိပေးခဲ့သည်။

မြောက်ကိုရီးယားက ဇွန်လ (၅) ရက်နေ့တွင် တစ်ရက်တည်း ဒုံးကျည် (၈) စင်း စံချိန်တင်အရေအတွက် ပစ်လွှတ်စမ်းသပ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Sung Kim က ထိုသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်တွင် နျူးကလီးယားစမ်းသပ်မှုကို နောက်ဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း  ယခုနှစ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ဇွန်လ (၅) ရက်နေ့အထိ (၁၇) ကြိမ် ဆက်တိုက် လုပ်ဆောင်နေခဲ့ရာ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေသည်။

မေလအတွင်းက တောင်ကိုရီးယားသမ္မတဖြစ်လာသည့် ယွန်းဆက်ယိုကလည်း မြောက်ကိုရီးယားအရေးတွင် ပိုမိုတင်းမာသည့် ချဥ်းကပ်မှုလုပ်ဆောင်မည်ဟု ကတိပြုထားရာ တင်းမာမှုများ ဆက်လက် မြင့်တက်လာဖွယ်ရှိနေသည်။

မြောက်ကိုရီးယားက ယခုနှစ်အတွင်း မကြုံစဖူး များပြားသည့် ဒုံးကျည်အရေအတွက်ကို ပစ်လွှတ်ခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် စံချိန်တင် ဒုံးကျည်အရေအတွက် ပစ်လွှတ်ခဲ့စဥ်က ဒုံးကျည် (၂၅) စင်းဖြစ်သော်လည်း ယခု ၂၀၂၂ ခုနှစ် ဇွန်လ (၅) ရက်အထိ ဒုံးကျည် (၃၁) စင်း ပစ်လွှတ်ခဲ့ပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ရောက်ရှိနေသည့် Sung Kim က ဆိုသည်။

မြောက်ကိုရီးယား အစိုးရအရာရှိများ၏ ပြောဆိုနေမှုအရ နည်းဗျူဟာမြောက် သို့မဟုတ် အရွယ်အစားသေးငယ်သည့် နျူကလီးယားလက်နက်များကိုလည်း အသုံးပြုရန် ဆန္ဒရှိသည်ဟု ယူဆရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မြောက်ကိုရီးယားက နောက်တစ်ကြိမ် နျူကလီးယားစမ်းသပ်မှုကို မည်သည့်အချိန်တွင် လုပ်ဆောင်လာမည့်အပေါ် မေးမြန်းခဲ့ရာ Sung Kim က အစောဆုံးအဖြစ် ယခုသီတင်းပတ် အပါအဝင် အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့သည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည်။

ထိုအတောအတွင်း တောင်ကိုရီးယားတွင် ရောက်ရှိနေသည့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က "နျူကလီးယားစမ်းသပ်မှုမှန်သမျှက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လုံးဝချိုးဖောက်မှုဖြစ်ပြီး ဒီလိုစမ်းသပ်မှုကို လျင်မြန်ပြင်းထန်တဲ့ တုံ့ပြန်မှုရှိလာပါလိမ့်မယ်။ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့သာမကဘဲ တစ်ကမ္ဘာလုံးက ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှု ပုံစံရှိလာမယ်လို့ ကျွန်မ ယူဆပါတယ်" ဟု ဇွန်လ (၇) ရက်နေ့တွင် ပြောခဲ့သည်။

၎င်းက တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများနှင့် မြောက်ကိုရီးယားအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက ဇွန်လ (၅) ရက်နေ့တွင် ဒုံးကျည် (၈) စင်း ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် အမေရိကန်ကလည်း ဇွန်လ (၆) ရက်နေ့တွင် ဒုံးကျည် (၈) စင်း ပစ်လွှတ်ပြီး တုံ့ပြန်သတိပေးခဲ့သည်။

ထို့အပြင် ဇွန်လ (၇) ရက်နေ့ကလည်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကိုရီးယားကျွန်းဆယ်အနောက်ပိုင်း ပင်လယ်ရေပြင်အထက်တွင် တိုက်လေယာဥ် အစီး (၂၀) ပျံသန်းပြီး ၎င်းတို့၏ ပူးတွဲလေကြောင်းအင်အားကို ပြသခဲ့ကြောင်း သိရသည်။

 

Source: BBC