FBI က အလိုရှိသည့် မူးယစ်ရာဇာကို ဖမ်းမိခဲ့ပြီး  စစ်ဆင်ရေးအတွင်း မရိန်းတပ်သား (၁၄) ဦး သေဆုံးခဲ့ 

Photo: AP
Photo: AP
FBI က အလိုရှိသည့် မူးယစ်ရာဇာကို ဖမ်းမိခဲ့ပြီး  စစ်ဆင်ရေးအတွင်း မရိန်းတပ်သား (၁၄) ဦး သေဆုံးခဲ့ 
ဇူလိုင် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန် FBI က အလိုအရှိဆုံး (၁၀) ဦးစာရင်းတွင် ပါဝင်သည့် နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ဆေးဝါဂိုဏ်းခေါင်းဆောင်တစ်ဦးကို မက္ကစီကိုနိုင်ငံတွင် ဇူလိုင်လ (၁၅) ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးမှုစစ်ဆင်ရေးအတွင်း မရိန်းတပ်သား (၁၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

မူးယစ်ရာဇာကို ဖမ်းဆီးရမိခဲ့သော်လည်း ဝမ်းနည်းကြေကွဲစရာအဖြစ် ထိုစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် မရိန်းတပ်ဖွဲ့ဝင် (၁၄) ဦး ရဟတ်ယာဥ်ပျက်ကျွန်မှုအတွင်း သေဆုံးခဲ့ကြကြောင်း မက္ကစီကိုရေတပ်အရာရှိများက ပြောသည်။

မက္ကစီကိုအနောက်မြောက်ပိုင်း စီနာလိုအာပြည်နယ် Choix နယ်မြေ San Simon မြို့တွင် ချုံပုတ်များထဲ ပုန်းအောင်းနေသည့် မူးယစ်ရာဇာ ရာဖေးလ်ကာရိုကွင်တီရို (Rafael Caro Quintero) ကို ရေတပ်ခွေးတစ်ကောင်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မရိန်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု မက္ကစီကိုရေတပ်က ထုတ်ပြန်သည်။ 

ကာရိုကို "narco of drug traffickers" ဟု လူသိများကြပြီး Guadalajara မူးယစ်ဆေးဝါးဂိုဏ်း တည်ထောင်သူအဖြစ် မက္ကစီကို အာဏာပိုင်များက သတ်မှတ်ထားသည့် ၎င်းကို မက်သာဖက်တမင်း၊ ဘိန်းဖြူ၊ ကိုကင်းနှင့် ဆေးခြောက် ရောင်းဝယ်ကုန်သွယ်မှုဖြင့် စွပ်စွဲထားသည်။

မူးယစ်ရာဇာ ကာရိုကို ဖမ်းဆီးသည့်စစ်ဆင်ရေးတွင် ပါဝင်ခဲ့ပြီးနောက် စီနာလိုအာပြည်နယ် Los Mochis မြို့တွင် မက္ကစီကိုရေတပ်၏ Black Hawk ရဟတ်ယာဥ် ပျက်ကျခဲ့ရာ လိုက်ပါလာသည့် မရိန်းတပ်ဖွဲ့ဝင် (၁၄) ဦး သေဆုံးခဲ့ပြီး အခြား မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ကာ ဆေးရုံတင်ထားရကြောင်း သိရသည်။ 

မရိန်းတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ရဟတ်ယာဥ် ပျက်ကျရသည့်အကြောင်းရင်းကို မသိနိုင်သေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု မက္ကစီကိုရေတပ်က ထုတ်ပြန်ထားသည်။

 အသက် (၆၉) အရွယ်ရှိ မူးယစ်ရာဇာကာရိုကို ၁၉၈၅ ခုနှစ်အတွင်း DEA (Drug Enforcement Administration) အထူးအေးဂျင့် Enrique Camarena Salazar ကို  ပြန်ပေးဆွဲမှုနှင့် ပူးပေါင်းကြံစည် သတ်ဖြတ်မှုဖြင့် အမေရိကန် FBI က အလိုရှိနေခဲ့သည်။ 

DEA အထူးအေးဂျင့် ၁၉၈၄ ခုနှစ်အတွင်း ကာရို၏ ဧက (၂,၅၀၀) ရှိ ဆေးခြောက်စိုက်ခင်းကို မက္ကစီကိုအာဏာပိုင်များက စီးနင်းခဲ့မှုအတွက် လက်တုံ့ပြန်သည်အနေဖြင့် အထူးအေးဂျင့် Enrique Camarena Salazar အား ပြန်ပေးဆွဲ ညှဥ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် DEA က ဆိုသည်။ 

ထိုဖြစ်ရပ်ကို Netflix က "Narcos: Mexico" အမည်ဖြင့် ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်းလည်း သိရသည်။

မူးယစ်ရာဇာကာရိုကို လူသတ်မှုတွင် ၎င်းပါဝင်ပတ်သက်မှုအတွက် မက္ကစီကို၌ ထောင်ဒဏ် (၂၈) နှစ် ချမှတ်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ 

နောက်ပိုင်းတွင် မက္ကစီကိုတရားရုံးချုပ်က ၎င်းအားပြန်လွှတ်ပေးသည့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ 

ထို့နောက် ဝရမ်းပြေးအဖြစ် နေထိုင်ခဲ့သည့် ကာရိုက နာမည်ကြီး စီနာလိုအာမူးယစ်ဆေးဝါးဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး ပြန်ဖြစ်လာခဲ့ကြောင်း FBI က ပြောသည်။

မူးယစ်ရာဇာကာရိုကို ဖမ်းဆီးရမိပြီးနောက် အမေရိကန်ရှေ့နေချုပ် Merrick Garland က ၎င်းအား လွှဲပြောင်းရေး ချက်ချင်းဆောင်ရွက်ပြီး DEA အထူးအေးဂျင့် Enrique Camarena Salazar သေဆုံးမှုအတွက် တရားမျှတသည့် တရားခွင်ဖြင့် စစ်ဆေးနိုင်မည်ဟု ဆိုသည်။ 

"ပြန်ပေးဆွဲမှု၊ ညှဥ်ပန်းနှိပ်စက်မှုနဲ့ လူသတ်မှုကျူးလွန်သူ ဘယ်သူမဆို အမေရိကန် ဥပဒေစိုးမိုးရေးကနေ ပုန်းအောင်နေစရာ နေရာမရှိပါဘူး" ဟု ရှေ့နေချုပ် Merrick Garland က ပြောခဲ့သည်။

 ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်အာဏာပိုင်တွေက မူးယစ်ရာဇာကာရိုအတွက် ဆုငွေ ဒေါ်လာ သန်း (၂၀) ပေးမည်ဟု ကြေညာခဲ့သည်။



Source: CNN