တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မွေးဖွားနှုန်းကျဆင်းမှု ပြန်မြှင့်တင်ရန် လက်မထပ်ရသေးသူများကို တရားဝင် ကလေးယူခွင့်ပြု

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မွေးဖွားနှုန်းကျဆင်းမှု ပြန်မြှင့်တင်ရန် လက်မထပ်ရသေးသူများကို တရားဝင် ကလေးယူခွင့်ပြု
ဇန်နဝါရီ 31, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မွေးဖွားနှုန်းကျဆင်းနေမှုကို ပြန်မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် ကျန်းမာရေးအာဏာပိုင်များက လက်မထပ်ရသေးသူများကို ကလေးယူခွင့် ပြုသွားမည်ဖြစ်ပြီး လက်ထပ်ပြီး စုံတွဲများအတွက် အကျိုးခံစားခွင့်များပေးမည်ဟု မက်လုံးပေးလာသည်။ 

အစိုးရက လက်ထပ်ထားပြီးသည့် အမျိုးသမီးများကိုသာ တရားဝင် ကလေးယူခွင့်ပြုထားခြင်းဖြစ်သော်လည်း လတ်တလော နှစ်များအတွင်း မွေးဖွားနှုန်းများ စံချိန်တင် ကျဆင်းနေခဲ့ရာ ပြည်နယ်အာဏာပိုင်များက လက်မထပ်ထားရသေးဘဲ ကလေးယူလိုသူများအတွက် ၂၀၁၉ ခုနှစ် စည်းမျဥ်းတစ်ရပ်ကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပဥ္စမြောက် လူဦးရေအထူထပ်ဆုံး စီချွမ်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့မှစ၍ လက်ထပ်ထားသည့် စုံတွဲများနှင့် လက်မထပ်ထားသော မည်သည့်ပုဂ္ဂိုလ်မဆို ကလေးယူလိုပါက အစိုးရထံတွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး ရယူလိုသည့် အများဆုံး ကလေးအရေအတွက်ကို ဖော်ပြရန် မလိုအပ်ဟု ဆိုသည်။

ယခု စီမံဆောင်ရွက်မှုမှာ ရေရှည်နှင့် မျှတသည့် လူဦးရေဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်ကြောင်း စီချွမ်ပြည်နယ်၏ ကျန်းမာရေးကော်မရှင်က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ထုတ်ပြန်ချက်၌ ပြောထားသည်။ 

ယခုအချိန်အထိတွင်မူ ကော်မရှင်က ကလေး (၂) ဦးအထိ ရယူလိုသော လက်ထပ်ထားသည့် စုံတွဲများကိုသာ စာရင်းသွင်းမှတ်ပုံတင်ရန် ခွင့်ပြုထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လူဦးရေမှာ ၂၀၂၂ ခုနှစ်က နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့သည်။ တရုတ်လူဦးရေမှာ ၂၀၂၂ ခုနှစ်တွင် (၁.၄၁၁၇၅) ဘီလီယံဖြစ်ရာ ၂၀၂၁ ခုနှစ်ကထက် (၈၅၀,၀၀၀) လျော့နည်းသွားခဲ့ကြောင်း National Bureau of Statistics (NBS) က ဇန်နဝါရီလ (၁၇) ရက်နေ့ နှစ်စဥ် စာရင်းအချက်အလက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် နှစ်များတွင်လည်း တရုတ်လူဦးရေ ကျဆင်းသွားမည့် အလားအလာရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်းဝယ်လိုအားအပေါ် သက်ရောက်မှုရှိကာ လူဦးရေဆိုင်ရာ အကျပ်အတည်းကို ပိုဆိုးလာစေနိုင်သည်။ 

ထိုအခြေအနေအရ တရုတ်အာဏာပိုင်များအနေဖြင့် လူဦးရေတိုးလာစေရန် မက်လုံးများပေးခြင်းနှင့် စီမံဆောင်ရွက်မှုများ လုပ်ဆောင်လာကြရသည်။

တစ်နိုင်ငံလုံးတွင် ကလေးယူမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များထံ စာရင်းသွင်းထားသော စုံတွဲများအတွက် ဆေးရုံကုန်ကျစရိတ်များကို ကာမိစေသည့် ကျန်းမာရေးအာမခံများ စီစဥ်ပေးထားပြီး လက်ထပ်ထားသည့် အမျိုးသမီးများကို မီးဖွားခွင့်ယူထားစဥ်အတွင်း လစာပေးထားမည် ဖြစ်သည်။ 

ထိုအကျိုးခံစားခွင့်များကို ယခုအခါ စီချွမ်ပြည်နယ်တွင် လက်မထပ်ထားသည့် အမျိုးသမီးများနှင့် အမျိုးသားများအတွက်လည်း ခံစားခွင့်ပေးသွားမည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းမှုမှာ အဓိကအားဖြင့် အစိုးရ၏ တစ်အိမ်ထောင်လျှင် ကလေးတစ်ဦး မူဝါဒ သတ်မှတ်ထားသည့် ၁၉၈၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ဖြစ်ခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင် တရုတ်လူဦးရေ ကျဆင်းမှုမှာ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။ 

ထိုစဥ်က တရုတ်ခေါင်းဆောင် မော်စီတုန်း၏ Great Leap Forward လှုပ်ရှားမှုကြောင့် ကြီးမားသည့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကြုံခဲ့ရချိန်ဖြစ်သည်။

Source: Reuters