ကမ္ဘာ့လူဦးရေ (၈) ဘီလီယံပြည့်ပြီဟု ကုလသမဂ္ဂ ပြောကြား

ကမ္ဘာ့လူဦးရေ (၈) ဘီလီယံပြည့်ပြီဟု ကုလသမဂ္ဂ ပြောကြား
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကမ္ဘာ့လူဦးရေ (၈) ဘီလီယံ ပြည့်ခဲ့ပြီဟု ကုလသမဂ္ဂက ပြောကြားသည်။ 

ကမ္ဘာ့လူဦးရေမှာ (၇) ဘီလီယံ ပြည့်ခဲ့ပြီးနောက် (၁၁) နှစ်မျှအကြာတွင် နောက်ထပ် (၁) ဘီလီယံ တိုးလာခြင်းလည်း ဖြစ်သည်။ 

(၂၀) ရာစု၏ ဒုတိယ တစ်ဝက်ကာလအတွင်း ကမ္ဘာ့လူဦးရေ အကြီးအကျယ် တိုးခဲ့ပြီးနောက် ယခုအခါ လူဦးရေတိုးနှုန်း နှေးကွေးလာသည်ဟု ဆိုသည်။

ကမ္ဘာ့လူဦးရေ (၉) ဘီလီယံသို့ ရောက်ရှိရန် နောက် (၁၅) နှစ်ကြာနိုင်ပြီး ၂၀၈၀ ပြည့်လွန် နှစ်များတွင် (၁၀.၄) ဘီလီယံခန့်ရှိလာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ 

ကမ္ဘာ့လူဦးရေကို မှန်ကန်တိကျစွာ တွက်ချက်ရန် ခက်ခဲပြီး ၎င်း၏ တွက်ချက်မှုများမှာ (၁) နှစ် သို့မဟုတ် (၂) နှစ် ကွာဟနိုင်သည်ဟုလည်း ကုလသမဂ္ဂက ဆိုသည်။ 

ကုလသမဂ္ဂက ယခင်နှစ်များတွင် ကမ္ဘာ့လူဦးရေ (၅) ဘီလီယံ၊ (၆) ဘီလီယံနှင့် (၇) ဘီလီယံပြည့် ကလေးများကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ 

ကမ္ဘာ့လူဦးရေ (၅) ဘီလီယံပြည့်သည့် ကလေးမှာ ၁၉၈၇ ခုနှစ် ဇူလိုင်လအတွင်း ခရိုအေးရှားနိုင်ငံ ဇာဂရက်ဘ်မြို့တွင် မွေးဖွားခဲ့သည့် Matej Gaspar အမည်ရှိ ယောက်ျားလေးဖြစ်သည်။ 

ထိုစဥ်က ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် မွေးဖွားသည့် ကလေးကို ကမ္ဘာ့လူဦးရေ (၅) ဘီလီယံပြည့် ကလေးအဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့သည်။ 

ထို့နောက် ၁၉၉၉ ခုနှစ် ဧပြီလ (၂၁) ရက်နေ့တွင် ကမ္ဘာ့လူဦးရေ (၆) ဘီလီယံပြည်ခဲ့ပြီး ထိုနေ့တွင် မွေးဖွားခဲ့သည့် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားမှ Adnan Mević မည်ရှိ ယောက်ျားလေးကို ကမ္ဘာ့လူဦးရေ (၆) ဘီလီယံပြည့် ကလေးအဖြစ် သတ်မှတ်ခဲ့သည်။

၂၀၁၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့် Sadia Sultana Oishee အမည်ရှိ မိန်းကလေးကို ကမ္ဘာ့လူဦးရေ (၇) ဘီလီယံပြည့် ကလေးအဖြစ် ကုလသမဂ္ဂက မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ 

ကုလသမဂ္ဂ၏ လူဦးရေစာရင်းများအရ ကမ္ဘာ့လူဦးရေမှာ (၁) ဘီလီယံမှ (၂) ဘီလီယံပြည့်ရန် (၁၂၃) နှစ် ကြာမြင့်ခဲ့ပြီး (၇) ဘီလီယံမှ (၈) ဘီလီယံပြည့်ရန် (၁၁) နှစ်မျှသာ ကြာမြင့်ကြောင်းလည်း တွေ့ရသည်။

Source: BBC, Reuters