လာအိုနိုင်ငံတွင် Covid-19  အတည်ပြုလူနာများ တွေ့လာရသော်လည်း မြန်မာရွှေ့ပြောင်းအများစုနေထိုင်ရာဝန်းကျင်တွင် အတည်ပြုလူနာ မတွေ့သေး

လာအိုနိုင်ငံတွင် Covid-19  အတည်ပြုလူနာများ တွေ့လာရသော်လည်း မြန်မာရွှေ့ပြောင်းအများစုနေထိုင်ရာဝန်းကျင်တွင် အတည်ပြုလူနာ မတွေ့သေး

လာအိုနိုင်ငံတွင် Covid-19 အတည်ပြုလူနာ တစ်ကျော့ပြန်တွေ့နေရသဖြင့် ရောဂါကာကွယ်ရေးအစီအစဉ်များကို ဆောင်ရွက်လာပြီး လက်ရှိအချိန်ထိ မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားရှိနေသည့် ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အတည်ပြုလူနာ မတွေ့ရသေးကြောင်း သိရသည်။



စီးပွားရေးဇုန်နဲ့ လာအိုရွာကို သူ့နေရာသူ ခွဲထားတယ်။ စီးပွားရေးဇုန်ထဲ ဝင်ဖို့ကို တင်းကြပ်ထားပါတယ်။ သူ့နေရာသူ ခွဲထားတော့ သိပ်မစိုးရိမ်ရဘူး

ဟု လာအိုရောက် မြန်မာနိုင်ငံသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 



လာအိုနိုင်ငံတွင် Covid-19 အတည်ပြုလူနာသစ်များ ပြန်လည်တွေ့ရှိလာပြီး ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ (၄) ဦးကို အတည်ပြုလူနာများအဖြစ် စစ်ဆေးတွေ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။



အိမ်နီးချင်းထိုင်းနိုင်ငံတွင် Covid-19  တတိယလှိုင်းဖြစ်နေရာ ထိုင်းနိုင်ငံမှ ပြန်လာသည့် လာအိုနိုင်ငံသူတစ်ဦးကို ဧပြီလ (၁၃) ရက်နေ့က အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ခဲ့ရသဖြင့် နိုင်ငံတွင်း ရောဂါကာကွယ်ရေးလုပ်ငန်းများကို ညွှန်ကြားလာခြင်းဖြစ်သည်။



နိုင်ငံတွင်း ဘား၊ နိုက်ကလပ်၊ ကာရာအိုကေနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ပိတ်ထားရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးပြုလုပ်ခြင်း ရှောင်ရှားရန်၊ Mask တပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။



လာအိုနိုင်ငံတွင် ၂၀၂၁ခုနှစ် ဧပြီလ(၁၈)ရက်နေ့ အချိန်ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ (၅၈) ဦးရှိနေပြီး လက်ရှိတွင် (၉)ဦး ကုသမှုခံယူနေဆဲဖြစ်ကာ သေဆုံးသူမရှိကြောင်း သိရသည်။