ထိုင်းတော်ဝင်မင်းသမီး နှလုံးရောဂါကြောင့် သတိလစ်ပြီးနောက် ဆေးရုံတင်ထားရ

ထိုင်းတော်ဝင်မင်းသမီး နှလုံးရောဂါကြောင့် သတိလစ်ပြီးနောက် ဆေးရုံတင်ထားရ
ဒီဇင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း၏ အကြီးဆုံး သမီးတော် Bajrakitiyabha Narendiradebyavati မှာ နှလုံးရောဂါကြောင့် သတိလစ်သွားခဲ့ပြီးနောက် ဘုရင်ချူလာလောင်ကွန်းအထိမ်းအမှတ်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း Royal Household Bureau က ဒီဇင်ဘာလ (၁၅) ရက်တွင် သတင်းထုတ်ပြန်သည်။ 

အသက် (၄၄) နှစ်အရွယ် ထိုင်းတော်ဝင်မင်းသမီးမှာ Nakhon Ratchasima မြို့ Pak Chong ခရိုင်တွင် သူမ၏ခွေးများကို လေ့ကျင့်သင်ကြားပေးနေစဥ် ဒီဇင်ဘာလ (၁၄) ရက် ညနေ (၆) နာရီ (၂၀) မိနစ်အချိန်က သတိလစ်သွားခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်သမီးတော်၏ ခွေးများကို ထိုင်းတော်ဝင်စစ်တပ်က စီစဥ်ပြီး ဒီဇင်ဘာလ (၁၀) ရက်မှ (၁၉) ရက်အထိ ကျင်းပသည့် Thailand Working Dog Championship 2022 ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် လေ့ကျင့်ပေးနေခဲ့ခြင်း ဖြစ်သည်။

တော်ဝင်မိသားစု၏ ဆရာဝန်များက အကြံပြုမှုအရ သူမကို Pak Chong ခရိုင်ရှိ Pakchongnana ဆေးရုံသို့ ပို့ဆောင်ပြီး ကနဦး ကုသပေးခဲ့သည်။ 

သူမ၏ အခြေအနေ တည်ငြိမ်လာပြီးနောက် ဘုရင်ချူလာလောင်ကွန်း အထိမ်းအမှတ်ဆေးရုံသို့ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့သည်။ 

မင်းသမီး Bajrakitiyabha မှာ ဘုရင်ဗာဂျီယာလောင်ကွန်း၏ သားသမီးများအနက် အကြီးဆုံးဖြစ်ရာ ထိုင်းနိုင်ငံ၏ ၁၉၂၄ ခုနှစ် နန်းတော်ဥပဒေ (1924 Palace Law) အရ ထီးနန်းအရိုက်အရာကို ဆက်ခံရမည့်သူဖြစ်သည်။

ဘုရင်ဗာဂျီယာလောင်ကွန်းက သူမကို ထီးနန်းဆက်ခံမည့် အိမ်ရှေ့စံမင်းသမီးအဖြစ် တရားဝင် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း မင်းသမီး Bajrakitiyabha မှာ ထီးနန်းဆက်ခံရန် အသင့်တော်ဆုံးဖြစ်ကြောင်း အများက ရှုမြင်ထားကြသည်။

မင်းသမီးမှာ ကျန်းမာရေးလိုက်စားသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ပေးမှုများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေးကို ကာလရှည်ကြာ အားပေးနေခဲ့သူလည်း ဖြစ်သည်။ 

အထူးသဖြင့် အမျိုးသမီး အကျဥ်းသားများအတွက် အများဆုံး ပြောပေးနေသူဖြစ်သည်။ 

မင်းသမီး Bajrakitiyabha က ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဩစတြီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



Source: Bangkok Post