ဂျပန်နိုင်ငံအတွင်း ကမ်းလွန်ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသည့် ရှုခင်းကြည့်သင်္ဘောမှ လူ (၁၀) ဦးကို သေဆုံးလျက်သား ပြန်ရှာတွေ့

ဂျပန်နိုင်ငံအတွင်း ကမ်းလွန်ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသည့် ရှုခင်းကြည့်သင်္ဘောမှ လူ (၁၀) ဦးကို သေဆုံးလျက်သား ပြန်ရှာတွေ့
By Mr John

ဂျပန်မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားသည့် ရှုခင်းကြည့်သင်္ဘောမှ လူ (၁၀) ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးနေပြီဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဧပြီ (၂၄) ရက်တွင် အတည်ပြု ပြောကြားသည်။

လူ (၂၆) ဦး လိုက်ပါသွားသည့် "Kazu 1" ရှုခင်းကြည့်သင်္ဘောသည် ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်း ကမ်းလွန်ပင်လယ်ပြင် ခရီးစဥ်အတွင်း ဧပြီ (၂၃) ရက်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။



ရှာဖွေတွေ့ရှိခဲ့သူ (၁၀) ဦးမှာ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး ထိုသင်္ဘောပေါ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် ခရီးသည် (၂၄) ဦးနှင့် အမှုထမ်းနှစ်ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။

မတ်လနှောင်းပိုင်းက ပင်လယ်ပြင်တွင် ရေခဲများ မျောပါနေခဲ့တာတွေ့ရပြီး ရေအပူချိန်မှာ (၂) ဒီဂရီဆဲလ်စီးယပ်မှ (၃) ဒီဂရီဆဲလ်စီးယပ် ဖြစ်လိမ့်မည်ဟု ဒေသခံ ငါးဖမ်းလုပ်ငန်းအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ဒီလိုရေထဲမှာ မိနစ်အနည်းငယ်လောက် ရှိနေလိုက်ရုံနဲ့ ခင်ဗျား သတိမေ့သွားလိမ့်မယ်" ဟု ၎င်းက ပြောသည်။



"Kazu 1" သင်္ဘောမှာ ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကြောင်း သတင်းပေးပို့မှု လက်ခံရရှိခဲ့ကြောင်း နှင့် သင်္ဘောအမှုထမ်းက သင်္ဘောပဲ့ပိုင်းအတွင်း ရေများဝင်ရောက်နေကြောင်းနှင့် စတင်နစ်မြုပ်နေကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် အာဏာပိုင်တွေနှင့် သင်္ဘောအမှုထမ်းတို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း NHK က ဖော်ပြသည်။



သင်္ဘောပေါ်တွင် လိုက်ပါလာသူများ အသက်ကယ်အင်္ကျီဝတ်ဆင်ထားကြောင်းနှင့် သင်္ဘောမှာ (၃၀) ဒီဂရီ တိမ်းစောင်းနေကြောင်းလည်း အမှုထမ်းက ပြောခဲ့သည်။ ထိုသင်္ဘောပေါ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် ခရီးသည် (၂၄) ဦးနှင့် အမှုထမ်းနှစ်ဦး လိုက်ပါသွားကြောင်း NHK က ပြောသည်။

Shiretoko ကျွန်းဆွယ် ဧရိယာတွင် ရှုခင်းကြည့်ခရီးစဥ် ခုတ်မောင်းသွားနေစဥ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်ရေယာဥ် ခုနစ်စီး၊ လေယာဥ် သုံးစီးနှင့် ရဟတ်ယာဥ် လေးစီးတို့ဖြင့် "Kazu 1" သင်္ဘောကို လိုက်လံရှာဖွနေခဲ့ကြောင်း သိရသည်။



Source: Reuters

Photo: Kyodo/via REUTERS