ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် မြန်မာအစိုးရ၏ ရပ်တည်ချက်ကို အထူးဒေသ (၄)ထောက်ခံ

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် မြန်မာအစိုးရ၏ ရပ်တည်ချက်ကို အထူးဒေသ (၄)ထောက်ခံ
ဒီဇင်ဘာ 1, 2019
By Tachileik News Agency
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအား မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်၍ သွားရောက်ရင်ဆိုင်ခြင်းအား  ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)အနေဖြင့် လုံးဝထောက်ခံပါကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရားစွဲဆိုခံရခြင်းကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ သဘောထားကြေညာချက်နှင့်အတူ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)က ၎င်းတို့၏ ငြိမ်းချမ်းရေးအခြေအနေကို အနှစ် (၃၀)ကြာ ထိန်းသိမ်းတည်ဆောက်လာသည့် အခြေအနေကိုဖေါ်ပြပြီး ငြိမ်းချမ်းဖွံ့ဖြိုးရေးလမ်းစဉ် လျှောက်လှမ်းကြရန်ကိုလည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ တရားစွဲဆိုခံရခြင်းနှင့်ပတ်သက်၍ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက သဘောထားကြေညာချက် အသီးအသီး ထုတ်ပြန်ခဲ့ကြရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် မြန်မာအစိုးရအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် တရားရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်နာ လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပဋိပက္ခကို တရားမျှတမှုမရှိသော မည်သည့်ဖြေရှင်း ဆောင်ရွက်ချက်မဆို ကန့်ကွက်ပါသည်ဟု နိုဝင်ဘာလ (၂၇) ရက်နေ့တွင် UWSA က သဘောထားထုတ်ပြန်လိုက်ပြီး သက်ဆိုင်ရာများမှ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့်ဆန္ဒဖြင့် အတူတကွပူးပေါင်းကြိုးပမ်းသွားလျှင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို ပြေလည်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း “ဝ”ပြည်နယ်အနေဖြင့် ယုံကြည်ပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအား တရားစွဲဆိုခံရခြင်းကို မြန်မာအစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ အဖွဲ့အစည်းများက သဘောထားကြေညာချက်အသီးသီးထုတ်ပြန်နေချိန်တွင် သြဂုတ်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်အား အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် အာဂျင်တီးနားတရားရုံးတို့၌ အမှုဖွင့်တိုင်ကြားခြင်းကို ၎င်းတို့အနေဖြင့် အပြည့်အဝထောက်ခံသည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(SUICJ)ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့( Special Unit on International Criminal Justice ) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ The Hague မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~