တရားရင်ဆိုင်မည့် မြန်မာအစိုးရအား လူ့အခွင့်အရေးအခြေခံမူကို လိုက်နာရန် KNU တိုက်တွန်း

တရားရင်ဆိုင်မည့် မြန်မာအစိုးရအား လူ့အခွင့်အရေးအခြေခံမူကို လိုက်နာရန် KNU တိုက်တွန်း
နိုဝင်ဘာ 23, 2019
By Tachileik News Agency

မြန်မာအစိုးရအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် တရားရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံမူများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်နာ လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသဖြင့် နယ်သာလန်နိုင်ငံ၊ The Hague မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုကို ရင်ဆိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သည့်အဖွဲ့ သွားရောက်ကြမည်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၁၆)ကြိမ်မြောက်ကွန်ကရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး(ဒုတိယပိုင်း)ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှ နိုဝင်ဘာလ (၂၂)ရက်နေ့အထိ ကျင်းပပြီးနောက် ထုတ်ပြန်ချက် ထုတ်ရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရအား တိုက်တွန်းချက်ကို ထည့်သွင်းလာခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်တွင် KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး အရပ်သားအကာအကွယ်ပေးမှုကို နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ဆက်လက် ထိန်းသိမ်းသွားမည်ဟုလည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net