စစ်ကောင်စီ၏ အကန့်အသတ်ဖြင့် ဆွေးနွေးရန် ဖိတ်ကြားခြင်းကို RCSS အနေဖြင့် လက်ခံနိုင်ခြင်း မရှိဘဲ အားလုံးပါဝင်ဖြေရှင်းမှုကိုသာ တိုက်တွန်း

စစ်ကောင်စီ၏ အကန့်အသတ်ဖြင့် ဆွေးနွေးရန် ဖိတ်ကြားခြင်းကို RCSS အနေဖြင့် လက်ခံနိုင်ခြင်း မရှိဘဲ အားလုံးပါဝင်ဖြေရှင်းမှုကိုသာ တိုက်တွန်း
ဇန်နဝါရီ 18, 2022 | နိုင်ငံရေး

လက်ရှိနိုင်ငံရေးအကျပ်အတည်းအား သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးမှုဖြင့်သာ ဖြေရှင်းနိုင်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယုံကြည်ပြီး လက်ရှိ အာဏာသိမ်းခေါင်းဆောင်ကပြောဆိုနေသည့် အကန့်အသတ်ဖြင့် ဆွေးနွေးမှုကို ကြိုဆိုခြင်းမဟုတ်ကြောင်း RCSS ၏ သဘောထားကို ယနေ့ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုသည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်၏  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် အချက် (၇) အဖြစ် ထည့်သွင်းဖေါ်ပြထားခြင်းဖြစ်သည်။

ကျွန်တော်တို့ထုတ်ပြန်တဲ့ အချက် (၇)က တကယ်ဆွေးနွေးဖြစ်ရင်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆွေးနွေးမယ်ပြောတာကို သွားကြိုဆိုတာဆိုတဲ့သဘောကို မသက်ရောက်ပါဘူး။ မဆိုလိုပါဘူး။ ကျွန်တော်တို့ RCSS ရဲ့ ရပ်တည်ချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမှရမယ်။ စစ်ရေးနည်းနဲ့ဖြေရှင်းမယ်ဆိုရင် နှစ်ပေါင်း (၇၀) ကျော်ပြီ။ မပြီးဆုံးနိုင်သေးဘူးပေါ့နော်။ ဒါက ပထမတစ်ချက်။ နောက်တစ်ချက်က ဆွေးနွေးရေးဆိုတာက ဒီတစ်ဖွဲ့ကိုပဲ ဆွေးနွေးမယ်။ ဟိုတစ်ဖွဲ့ကိုပဲ ဆွေးနွေးမယ်လို့ မဆိုလိုဘူး။ အားလုံးပါရမှာလေ။  အားလုံးမပါရင် ဘယ်ပြီးမလဲ။ အဲဒါကို ဆိုလိုတာ။ အားလုံးပါဝင်မှ ပြဿနာဖြေရှင်းနိုင်မှာလေ။ အားလုံး မပါဝင်ရင်တော့ ပြဿနာဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ မယုံကြည်ဘူးခင်ဗျ။

ဟု RCSS မှ ဗိုလ်မှူးခမ်းစံက TachileikNewsAgency သို့ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းအဖွဲ့က ၎င်းတို့အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများအား ဆွေးနွေးမည်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြင့်သာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် လက်ရှိ ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှာလည်း မိခင်အဖွဲ့အစည်းအနေဖြင့်မဟုတ်ဘဲ သက်ဆိုင်ရာနယ်မြေအဖွဲ့များကပါ ပါဝင်နေခြင်းဖြစ်ဟု ပြောနေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် လက်ရှိအာဏာသိမ်းမှုမဖြစ်ပွားမီ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများဖြင့် ဆွေးနွေးမှုတလျှောက်လုံးတွင်လည်း အဖွဲ့အားလုံးဖြင့် တပြေးညီဆွေးနွေးခြင်းမဟုတ်ဘဲ အဖွဲ့အချို့အား ချန်လှပ်ခွဲခြား၍ ဆွေးနွေးသည့်နည်းကို တောက်လျှောက်သုံးလာခြင်းဖြစ်သည်။

RCSS အနေဖြင့် ပြည်တွင်းပြဿနာများအပေါ် ဖြေရှင်းရေးနှင့်ပတ်သက်၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့ကျကျ တည်ဆောက်နိုင်ခြင်းကသာ ဖြေရှင်းနည်းဖြစ်သည်ဟု ယုံကြည်ကြောင်း RCSS ၏ သဘောထားရပ်တည်ချက်ကို ထပ်မံဖေါ်ပြထားသည်။

 

RCSS ၏ တာဝန်ရှိသူ (၂၄၅) ဦးတက်ရောက်သည့် (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင် ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပပြီး အချက် (၈)ချက်ပါသည့် ဆုံးဖြတ်ချက်ကို ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်း

လက်ရှိအကျပ်အတည်း ဖြေရှင်းနိုင်ရန် ရည်မှန်းပါက အာဏာသိမ်းခေါင်းဆောင်၏ ဆွေးနွေးရေးဖိတ်ခေါ်ချက်ကို RCSS ကြိုဆို