SNLD တည်ထောင်ခြင်း (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့

SNLD တည်ထောင်ခြင်း (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့
အောက်တိုဘာ 26, 2021 | နိုင်ငံရေး

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) ပါတီ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကျရောက်သည့် တည်ထောင်ခြင်း (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကိုယ်စား ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့သည်။

“ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက်သာမက နှစ်ပေါင်း(၆၀)ကျော် ကြာ ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်စေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားလာရေးအတွက် တစိုက်မတ်မတ်ရပ်တည်ဆောင်ရွက်နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) ၏ ယနေ့ကျရောက်သည့် (၃၃) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာတွင် ဖေါ်ပြထားသည်။

SNLD  ပါတီ၏ (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို အွန်လိုင်းမှပြုလုပ်ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA၊ ဆင်ကျော့ဌာနေပြည်သူ့စစ် (SSJAC အဖွဲ့ဝင်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် (TYN)၊ ရှမ်းလူငယ်အဖွဲ့ (TYO)၊ ရှမ်းတိုင်းရင်းသားများအသင်း(ထိုင်းနိုင်ငံ) (TNC-T)၊ Kaw Dai၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)၊ ရှမ်းကျောင်းသားများသမဂ္ဂ (Tai Students’ Union - TSU)၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (SLCC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကရင်အမျိုးသားပါတီ (KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် မွန်ရေးရာအဖွဲ့ (MAA)တို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။