အကြမ်းဖက် အာဏာသိမ်းအဖွဲ့က (၁၁)လတာအတွင်း NLD ပါတီဝင် (၆၀၀)ကျော်ကို ဖမ်းဆီးကာ ပါတီရုံးများကို အကြိမ်ရေ (၈၀) ကျော် ဝင်ဖျက်

အကြမ်းဖက် အာဏာသိမ်းအဖွဲ့က (၁၁)လတာအတွင်း NLD ပါတီဝင် (၆၀၀)ကျော်ကို ဖမ်းဆီးကာ ပါတီရုံးများကို အကြိမ်ရေ (၈၀) ကျော် ဝင်ဖျက်
ဇန်နဝါရီ 1, 2022 | နိုင်ငံရေး

စစ်အာဏာသိမ်းအဖွဲ့က (၁၁)လတာ ကာလအတွင်း NLD ပါတီဝင် (၆၄၉) ဦးကို ဖမ်းဆီးကာ ရုံးခန်းများကို (၈၆) ကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပါတီဝင် (၇၇)ဦး၏နေအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းအဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းသည့်နေ့မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် (၆၄၉) ဦး ဖမ်းဆီးခဲ့သည့်အနက် ထိန်းသိမ်းခံရစဉ်ကာလအတွင်း (၁၄) ဦးကျဆုံးကာ (၄၈၉)ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရပြီး (၁၄၆) ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုကြောင့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ(ကျောက်တံခါး)၊ ဦးညွန့်ရွှေ(ပဲခူး)၊ ဦးဖြိုးဝေထွန်း(ချောက်)၊ ဦးဝင်းကြိုင်(လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး(ဆီဆိုင်)၊ ဦးကျော်ဆန်းဦး(ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး (အောင်မြေသာဇံ)၊ သက်ထွေးမောင်(ခ)မုန်းမာန်(ခ)ဒေါင်းမာန် (ပြည်ကြီးတံခွန်) တို့ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၁) ဦးပါဝင်ပြီး များလည်းပါဝင်ပြီး  ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၈) ဦးရှိကာ (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည့်အပြင် ထိန်းသိမ်းခံထားရစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကွယ်လွန်ခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို  ဥပဒေမဲ့ ဝင်ရောက်ဖျက်ဆီးခြင်းများလုပ်နေကြပြီး  စုစုပေါင်း (၈၆) ကြိမ် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ စုစုပေါင်း (၇၇)ဦး၏ နေအိမ်နှင့် အဆောက်အဦများအား အာဏာသိမ်းအဖွဲ့က ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ စစ်တပ်အင်အားသုံးပြီး နိုင်ငံ့အာဏာကို အကြမ်းဖက်၍သိမ်းထားသည့် အာဏာသိမ်းအဖွဲ့က ပြီးခဲ့သည့်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပါတီဝင်များအား ဖမ်းဆီးခြင်းအပြင် အကြမ်းဖက်ဟု စွပ်စွဲမှုများပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။