အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်း ကော်သနော့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးကို ဖမ်းသွားပြီး ရွာသားများကို ပေါ်တာလိုက်ဆွဲနေ

အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်း ကော်သနော့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးကို ဖမ်းသွားပြီး ရွာသားများကို ပေါ်တာလိုက်ဆွဲနေ
သြဂုတ် 23, 2021 | နိုင်ငံရေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကွင်းကလေးကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က KNU/KNLA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးကို ဖမ်းခေါ်သွားသည့်အပြင် ဒေသခံများကို ပေါ်တာလိုက်ဆွဲနေကြောင်း သိရသည်။

KNU/KNLA နှင့် နေ့လယ် (၂) နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကွင်းကလေးကျေးရွာအနီးရှိ ကော်သနော့ ကျေးရွာမှ ရွာဥက္ကဌ စောကျော်သိန်းနှင့် အတွင်းရေးမှူး စောကျော်ဘိုးတို့ကို အာဏာသိမ်း စစ်တပ်က ဖမ်းခေါ်သွားကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်တပ်နှင့် BGF တို့သည် ကွင်းကလေးကျေးရွာအနီး ချောင်းတစ်ဘက်ကမ်းတွင် တပ်စခန်းချထားပြီး ကွင်းကလေးကျေးရွာအတွင်းရှိ အမျိုးသားများကို ပေါ်တာဆွဲနေ၍ ရွာလုံးကျွတ်ထွက်ပြေးနေကြရသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် အင်အားရာဂဏန်းဝန်းကျင်ဖြင့် ယနေ့ နံနက်ပိုင်းကလည်း အာရှလမ်းမကြီးဘေးနားရှိ ကမိုင်ကုန်းကျေးရွာတွင် တပ်စွဲခဲ့ကာ နေ့လယ်ပိုင်းတွင်  ကျေးရွာအနီးသို့ လက်နက်ကြီးများဖြင့်  အချက်(၅၀) ကျော်ပစ်ခတ်ခဲ့၍ ကျေးရွာတွင်နေထိုင်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယနေ့တစ်နေ့တာအတွင်း အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်း  ကော့ကရိတ်-ကျိူက်ဒုံလမ်းမကြီး၏ အဝင်အထွက်နေရာများတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။