ထိုင်းနိုင်ငံအတွင်း မယ်ဆိုင်နှင့် ချင်းရိုင်းမြို့မှ တာချီလိတ်နှင့်ပတ်သက်၍ အလိုရှိသည့် မြန်မာအချို့ကို ထပ်မံဖမ်းဆီးပေးရန် တာချီလိတ်  စစ်ကောင်စီတပ်က ထိုင်းစစ်တပ်ကို ထပ်မံ အကြောင်းကြားထား

ထိုင်းနိုင်ငံအတွင်း မယ်ဆိုင်နှင့် ချင်းရိုင်းမြို့မှ တာချီလိတ်နှင့်ပတ်သက်၍ အလိုရှိသည့် မြန်မာအချို့ကို ထပ်မံဖမ်းဆီးပေးရန် တာချီလိတ်  စစ်ကောင်စီတပ်က ထိုင်းစစ်တပ်ကို ထပ်မံ အကြောင်းကြားထား

 

နယ်စပ်ဒေသ တာချီလိတ်မြို့အတွက် ဖောက်ခွဲမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ထောက်ပံ့မှုများ ပြုလုပ်နေသူဟု ဆိုသည့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင်းနေသည့် မြန်မာအချို့ကို မြန်မာဘက် စစ်ကောင်စီတပ်က ဖမ်းဆီးပေးရန် ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးကို ထပ်မံစေခိုင်းမှုများရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ထဆိုင်းရှိ အဖိထောင်း ချင်းရိုင်း အိမ်ရာထိပ်တွင် ၂၀၂၃ခုနှစ် မတ်လ(၁၆)ရက်နေ့၏ နံနက်(၁၁)နာရီ (၄၃)မိနစ်အချိန်က ကား(၂)စီး  မောင်းနင်းလာပြီး အရပ်ဝတ်များဖြင့် ဝတ်ဆင်ထားသည့် ထိုင်းစစ်တပ်၏ စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် (၃)ဦး နှင့် ထိုင်းဘက် TBC ရုံးမှ (၁)ဦး စုစုပေါင်း (၄)ဦးတို့က မြန်မာလူငယ်တစ်ဦးဖြစ်သည့် ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား မြန်မာစစ်တပ်အတွက် ဖမ်းဆီးပေးလိုက်ပြီးနောက် ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား မြန်မာဘက် စရဖအဖွဲ့ဖြစ်သည့် တာချီလိတ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တြိဂံဒေသတိုင်းစစ်ဌာနချုပ်)၏ ခွဲ(၂)၊ စု(၁)ရုံး၏ စစ်ကြောမှုများအရ နောက်ထပ် ဖမ်းဆီးရန် ကျန်ရှိသည့် မြန်မာ(၃)(၄)ဦး၏ အမည်စာရင်းများ ပေးပို့ကာ ထပ်မံဖမ်းဆီးခိုင်းနေကြောင်း သိရသည်။

အသစ်ထပ်မံပေးပို့သည့် အမည်စာရင်းများ၏ အမည်များအတိုင်း အမြန်ဆုံး ကူညီဖမ်းဆီးပေးရန် မြန်မာဘက် TBC ကနေ တဆင့် ထိုင်းစစ်တပ် ထောက်လှမ်းရေးအဖွဲ့အား အကြောင်းကြားထားသည်ဟု သိရသည်။



တာချီလိတ်မြို့တွင် ဖောက်ခွဲမှုများနှင့် ပတ်သက်၍ နလံမထူနိုင်ရန် ဖမ်းဆီးရေးအဖြစ် သတ်မှတ်ထားသည့် မြန်မာစစ်တပ်က ထိုင်းစစ်တပ်၏ ဖမ်းဆီးပေးမှုဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့က မယ်ဆိုင်မြို့တွင် အသက်(၃၇)နှစ်အရွယ် စောလတ် (ခ) သိန်းသန်း နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၂၂)နှစ်အရွယ် ခင်မျိုးထက်(ခ)ထက်ထက်အပြင် ၎င်းတို့၏ သားသမီးများဖြစ်သည့် အသက်(၂)နှစ်အရွယ် ထွန်းလင်းလတ် နှင့် အသက်(၁)နှစ်အရွယ် သွန်းရတီတို့ ဖမ်းခံရပြီး မတ်လ(၁၆)ရက်နေ့က ချင်းရိုင်းမြို့တွင် ကိုသူရိန်(ခေါ်)သူရိန်ဝင်းလည်း ဖမ်းခံရသည်။

ဖေဖော်ဝါရီလ(၂၈)ရက်နေ့က ဖမ်းဆီးခံရသည့် လင်မယား(၂)ဦးမှာ ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ကာ အလုပ် လုပ်ကိုင်နိုင်သည့် သက်တမ်းမကုန်သေးသော ပန်းရောင်ကတ်များရှိသော်လည်း ထိုင်းစစ်တပ်က အကြောင်းပြန်ချက်မရှိ ဖမ်းဆီးပြီး နောက်တနေ့တွင် မြန်မာဘက်သို့ လျှို့ဝှက်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

ဆက်လက်ပြီးတော့လည်း ထိုင်းနိုင်ငံမြောက်ပိုင်းအတွင်းရှိ မယ်ဆိုင်၊ ချင်းရိုင်း နှင့် ချင်းမိုင်မြို့တို့ကနေ တာချီလိတ်မြို့တွင်း ဖောက်ခွဲမှုများအတွက် ပါဝင်ပတ်သတ်ခဲ့သူများ၊ ဖောက်ခွဲပစ္စည်းနှင့် ငွေကြေး ထောက်ပံ့ခဲ့ကြသူများကို အဓိကထား ပစ်မှတ်ထားကာ မြေလှန်ရှာသည့်သဖွယ် ဖမ်းဆီးနိုင်ရေး ထိုင်းစစ်တပ်ကို လျှို့ဝှက် အကူအညီတောင်းခံထားခြင်း ဖြစ်ကြောင်း  လုံခြုံရေးအရ အမည်မဖော်လိုသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် အသိုင်းအဝိုင်းထံက သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ မည်သည့်နည်းဖြင့် နေထိုင်စေကာမှု မြန်မာစစ်တပ်ဘက်က ဖမ်းဆီးခိုင်းပါက ထိုင်းစစ်တပ်အနေဖြင့် ဖမ်းဆီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ထိုင်းဘက်က အလိုရှိသည့် တာချီလိတ်မြို့သို့ တိမ်းရှောင်နေထိုင် ထိုင်း လူသတ်၊ မူးယစ် တရားခံပြေးများကိုတော့ မြန်မာဘက်က ဖမ်းဆီးပေးမှု နည်းပါးသည်။

"မြန်မာစစ်တပ်က ဖမ်းခိုင်းတိုင်း ထိုင်းစစ်တပ်က လျှောက်ဖမ်းပေးနေတာ။ တာချီလိတ်မှာ ထိုင်းဘက်က အလိုရှိတဲ့ လူသတ်၊မူးယစ် တရားခံပြေးတွေကိုတော့ မြန်မာဘက်က ဖမ်းပေးတာနည်းတယ်။ အဲ့ ထိုင်းတရားခံပြေးတွေက တာချီလိတ်မှာ ရှမ်းအမည်ခံပြီး ဘတ်ငွေ သိန်းဂဏန်းအထိပေးပြီး မှတ်ပုံတင်လုပ်ပြီးနေတာတွေ၊ လုပ်ငန်းလုပ်နေတာတွေတောင် ရှိတယ်။ မြန်မာစစ်တပ်နဲ့ရဲဘက်ကတော့ ငွေကြေးရယူပြီး ကာကွယ်ပေးတာများပေမဲ့ ထိုင်းဘက်ကတော့ မြန်မာစစ်တပ်က အလိုရှိတယ်ဆိုတာနဲ့ ရအောင်ဖမ်းပေးနေတယ်"ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင် တစ်ဦးက Tachileik News Agency ကိုပြောသည်။

ထိုင်းထောက်လှမ်းရေးအဖွဲ့အနေဖြင့် မြန်မာဘက်က အလိုရှိသူများကို ထိုင်းဖုန်းနံပါတ်များကနေလည်း စောင့်ကြည့် ထောက်လှမ်းဖမ်းဆီးနိုင်သည့် အတွက် ပါဝင်ပတ်သက်သူများအနေဖြင့် အခြား ID ကတ် များဖြင့် ဖုန်းနံပါတ်အသစ်များ ပြောင်းထားသင့်သည်ဟု ထိုင်းမြောက်ပိုင်းအတွင်း မြန်မာ့အရေးစောင့်ကြည့်လေ့လာသူ နိုင်းဆူလဖွန် က လည်း အကြံပြုထားသည်။

တာချီလိတ်ဘက်က အလိုရှိသည့် တိမ်းရှောင်မြန်မာများနှင့် ထိုင်းမြောက်ပိုင်းအတွင်း နေထိုင်ပြီး တာချီလိတ်မြို့အတွက် ဖောက်ခွဲမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ထောက်ပံ့မှုများ ပြုလုပ်နေသူဟု ဆိုသူများကို လျှို့ဝှက်ဖမ်းဆီးပေးခြင်းဖြင့် ကူညီသွားမည်ဟု မြန်မာစစ်တပ်ကို ထိုင်းစစ်တပ်၏ ကျောက်တာ့ခ်လှုပ်ရှားတပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်းမ်စိန်က ၂၀၂၃ခုနှစ် မတ်လ၏ ပထမပတ်အတွင်းက  ပြောကြားထားသည်။