တာချီလိတ် စစ်တပ်က အလိုရှိနေသည့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နေ မြန်မာလူငယ်တစ်ဦးကို ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့က လျှို့ဝှက် ဖမ်းဆီးပြီး မြန်မာဘက် စစ်ကြောရေးသို့ အပ်

တာချီလိတ် စစ်တပ်က အလိုရှိနေသည့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နေ မြန်မာလူငယ်တစ်ဦးကို ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့က လျှို့ဝှက် ဖမ်းဆီးပြီး မြန်မာဘက် စစ်ကြောရေးသို့ အပ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းမြို့တွင် မြန်မာ စစ်ကောင်စီတပ်ဘက်က ဖောက်ခွဲနှင့် ထောက်ပံ့မှုများဖြင့် အလိုရှိသူ တစ်ဦးဟု ဆိုသူကို ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးပြီး တာချီလိတ် စစ်တပ်လက်ထဲ ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ထဆိုင်းရှိ အဖိထောင်း ချင်းရိုင်း အိမ်ရာထိပ်တွင် ၂၀၂၃ခုနှစ် မတ်လ(၁၆)ရက်နေ့၏ နံနက်(၁၁)နာရီ (၄၃)မိနစ်အချိန်က ကား(၂)စီး  မောင်းနင်းလာပြီး အရပ်ဝတ်များဖြင့် ဝတ်ဆင်ထားသည့် ထိုင်းစစ်တပ်၏ စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် (၃)ဦး နှင့် ထိုင်းဘက် TBC ရုံးမှ (၁)ဦး စုစုပေါင်း (၄)ဦးတို့က စစ်ဆေးကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။



အဖိထောင်း ချင်းရိုင်း( อภิทาวน์ เชียงราย ) အိမ်ရာအနီးတွင် ကြွေပြားကပ်အလုပ်ကို လုပ်ကိုင်နေသည့် ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့က အထောက်အထားရှိ မရှိ စစ်ဆေးမည်ဟု အကြောင်းပြကာ ဖမ်းဆီးပြီး ချင်းရိုင်းရဲစခန်းသို့ ယာယီအပ်ကာ နောက်တနေ့ဖြစ်သည့် မတ်လ(၁၇)ရက်နေ့တွင် ချင်းရိုင်းတရားရုံးသို့ စွဲချက်တင်ပြီး ချက်ချင်း အမိန့်ချခြင်းဖြစ်သည်။

ချင်းရိုင်းတရားရုံးက ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ငွေ ဘတ်(၅၀၀)သတ်မှတ်ကာ မတ်လ(၁၈)ရက်နေ့တွင် မယ်ဆိုင်မြို့သို့ ပို့ဆောင်ပြီး ထိုမှတဆင့် တာချီလိတ်မြို့သို့ နယ်နှင်ဒဏ်ပေးရန် မြန်မြန်ဆန်ဆန် အမိန့်ချကာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများကို များသောအားဖြင့် ထောင်ဒဏ်အဖြစ် ချမှတ်လေ့ရှိကာ ပြစ်ဒဏ်စေ့မှ နယ်နှင်ဒဏ်ပေးလေ့ရှိပြီး နယ်နှင်ဒဏ်ပေးသည့်အခါတွင်လည်း မယ်ဆိုင်မြို့ လဝကရုံးအပေါ်ထပ်ရှိ အချုပ်ခန်းတွင် ထားရှိစေကာ တာချီလိတ်သို့ ပို့ဆောင်မည့် လူဦးရေ အနည်းငယ် များလာမှသာ ပို့ဆောင်လေ့ရှိသော်လည်း အတိမ်းအစောင်းမခံနိုင်သည့် ထိုင်းစစ်တပ်က တဖက်လှည့်ဖြင့် အမှုအား အမြန်ပြီးပြတ်စေအောင် ဖိအားပေးလုပ်ဆောင်ပြီး မြန်မာစစ်တပ်သို့ အမြန်ဆုံး လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။ 

"တလောတုန်းက ထိုင်းစစ်တပ်က တာချီလိတ်ကနေ တိမ်းရှောင်လာတဲ့ မြန်မာစစ်တပ်ရဲ့ အလိုရှိသူတွေကို ဖမ်းပေးမယ်ဆိုပြီး စစ်တပ်အချင်းချင်း သဘောတူထားတဲ့ လျှို့ဝှက်သတင်းကို Tachileik News Agency က ဖော်ပြလိုက်ပြီးတဲ့နောက်မှာ အခု ထိုင်းစစ်တပ်က အတိမ်းအစောင်းမခံချင်လို့ အဲ့လို ချက်ချင်းဖမ်းပြီး မြန်မာစစ်တပ် လက်ထဲ ထည့်တာမဟုတ်ဘဲ သူတို့က လုပ်တာမဟုတ်ဘူး။ ထိုင်းရဲတွေက ဥပဒေအရ အရေးယူ အမိန့်ချပြီးမှ လုပ်တယ်ဆိုတာမျိုး တဖက်လှည့်နဲ့ မြန်မြန်ဆန်ဆန် လုပ်လိုက်တာ။"ဟု ထိုင်းနိုင်ငံတွင်းနေ မြန်မာနိုင်ငံသားတစ်ဦးက Tachileik News Agency ကို ပြောသည်။

မြန်မာဘက် တာချီလိတ်စစ်ဗျူဟာ နှင့် စရဖ အဖွဲ့က အလိုရှိသည်ဟုဆိုသည့် ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဖောက်ခွဲမှုများနှင့် ပတ်သက်မှုရှိပြီး ထောက်ပံ့မှုများ လုပ်ဆောင်သည်ဟု အမည်တပ်ကာ ထိုင်းစစ်တပ်၏ ထောက်လှမ်းရေးအဖွဲ့ကို တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)ကနေ တဆင့် အချက်အလက်များပေးပို့ကာ ဖမ်းဆီးခိုင်းခြင်းဖြစ်သည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ (၉)နာရီဝန်းကျင်အချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း မုန်ဒဲန်းရပ်ကွက်၊ (၂)လမ်းအတွင်းရှိ နေအိမ်တွင် မြန်မာမိသားစု(၄)ဦး ဖမ်းဆီးခံရပြီးနောက် ချင်းရိုင်းမြို့ရှိ ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား ဆက်လက် ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းအား ဖမ်းဆီးရန်အတွက် မြန်မာစစ်တပ်ဘက်က ပေးပို့သည့် အချက်အလက်များအရ ထိုင်းစစ်ထောက်လှမ်းရေးအဖွဲ့က ရက်အနည်းငယ် ရယူပြီး နောက်ယောင်ခံ စောင့်ကြည့်ပြီးမှ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းရိုင်းမြို့တွင် ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား ဖမ်းဆီးရာတွင် ထိုင်းရဲများ မပါသလို ဖမ်းဝရမ်းလည်း မပါဘဲ ထိုင်းစစ်ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၈)ရက်နေ့က မယ်ဆိုင်မြို့တွင် မြန်မာစစ်တပ်၏ တာချီလိတ်မြို့တွင်း ဖောက်ခွဲမှုနှင့် သက်ဆိုင်သည်ဟုဆိုကာ ဖမ်းဆီးခိုင်း၍ ဖမ်းခံရသည့် အသက်(၃၇)နှစ်အရွယ် စောလတ် (ခ) သိန်းသန်း နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၂၂)နှစ်အရွယ် ခင်မျိုးထက်(ခ)ထက်ထက်အပြင် ၎င်းတို့၏ သားသမီးငယ် (၂)ဦးဖြစ်သည့် အသက်(၂)နှစ်အရွယ် ထွန်းလင်းလတ် နှင့် အသက်(၁)နှစ်အရွယ် သွန်းရတီတို့ပါ ဖမ်းဆီးခံရရာတွင် ကိုစောလတ်တို့ လင်မယား(၂)ဦး စလုံးတွင်း အလုပ်သမားကတ်ဖြစ်သည့် ပန်းရောင်ကတ်ဖြင့် တရားဝင်နေထိုင်ခြင်းဖြစ်သော်လည်း ထိုင်းစစ်တပ်က ဖမ်းဆီးပြီး မြန်မာစစ်တပ်လက်ထဲသို့ အပ်နှံခဲ့ကြခြင်းဖြင့် မတရားပြုကျင့်မှုမျိုးကို လုပ်ဆောင်ခြင်းလည်းဖြစ်သည်ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ မြန်မာများက ဆိုသည်။



"ထိုင်းစစ်တပ်က မြန်မာစစ်တပ်ရဲ့ ပြောလာသမျှအတိုင်း သူတို့က ဖမ်းပေးနေတာ။ တကယ်အပြစ်ရှိလား မရှိလား ဆိုတာသူတို့ သေချာ မစိစစ်ဘူး။ ဖမ်းပေးဆိုတာနဲ့ ဖမ်းပေးတဲ့ သဘောဖြစ်နေတယ်။ အခုလည်း ချင်းရိုင်းက လူငယ်တစ်ဦးကို တာချီလိတ်က ဖောက်ခွဲမှုတွေ၊ ထောက်ပို့တွေနဲ့ သက်ဆိုင်တယ်ဆိုပြီး ဟိုအဝေးကြီးကနေ လှမ်းပြီး ဖမ်းခိုင်းတာ။ ထိုင်းစစ်တပ်အနေနဲ့ ဒီလိုတွေ မလုပ်ပေးသင့်ဘူးလို့ မြင်တယ်။"ဟု မယ်ဆိုင်မြို့တွင်းနေသူ တစ်ဦးက ပြောသည်။

ယနေ့ မတ်လ(၁၈)ရက်နေ့တွင် ချင်းရိုင်းကနေ ခေါ်ဆောင်လာမည့် ကိုသူရိန်(ခေါ်)သူရိန်ဝင်းအား လက်လွှဲရယူနိုင်ရန်အတွက် မြန်မာစစ်တပ်၏ စရဖအဖွဲ့ဖြစ်သည့် တာချီလိတ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တြိဂံဒေသတိုင်းစစ်ဌာနချုပ်)၏ ခွဲ(၂)၊ စု(၁)ရုံးမှ တပ်ဖွဲ့ဝင်အချို့မှာ  မယ်ဆိုင်မြို့အထိ သွားရောက်စောင့်ဆိုင်းပြီးမှ တာချီလိတ်မြို့ရှိ ၎င်းတို့၏ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့မှ အဓိကအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်သူများ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းသို့ တိမ်းရှောင်လာပါက မြန်မာစစ်တပ်ဘက်က လိုအပ်ရင် ထိုင်းစစ်တပ်အနေဖြင့် လျှို့ဝှက်ကူညီ ဖမ်းဆီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ယင်းသို့ ထိုင်းစစ်တပ်ဘက်က ကူညီပေးနေခြင်းအား မည်သူကမှ မသိအောင် လျှို့ဝှက်ပေးထားရန်ကိုလည်း ထိုင်းစစ်တပ်၏ ကျောက်တာ့ခ်လှုပ်ရှားတပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်းမ်စိန်က ၂၀၂၃ခုနှစ် မတ်လ၏ ပထမပတ်အတွင်းက တာချီလိတ်ရှိ မြန်မာစစ်တပ်အား ပြောကြားထားသည်။



တာချီလိတ်မြို့တွင် USDP ပါတီရုံးဧရိယာအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီတပ်က မြန်မာဘက်က TBC ကနေ တဆင့် ထိုင်းစစ်တပ်နှင့် ချိတ်ဆက်ပြီး ဖမ်းဆီးခိုင်းနေခြင်း ဖြစ်ပြီး တာချီလိတ်က အလိုရှိသူများ၏ အချက်အလက်များကိုလည်း ပေးပို့ထားကြောင်းလည်း သိရသည်။