အကြမ်းဖက်စစ်ကောင်စီအား လက်နက်၊ ငွေကြေးထောက်ပံ့မှုများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူရန် NUG ဝန်ကြီးတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီအား လက်နက်၊ ငွေကြေးထောက်ပံ့မှုများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူရန် NUG ဝန်ကြီးတိုက်တွန်း

 နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား လက်နက်၊ ငွေကြေးထောက်ပံ့မှုများအား ပူးပေါင်းပစ်မှတ်ထားပိတ်ဆို့အရေးယူရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်သည်။

ဝန်ကြီး ဦးအောင်မျိုးမင်းသည် ၂၀၂၄ခုနှစ် မတ်လ (၈)ရက်နေ့က ကုလသမဂ္ဂ(Palais de nations)အတွင်း နိုင်ငံတကာ သံတမန်များနှင့် သံအရာရှိများအား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်နှင့် နိုင်ငံတကာသို့ တောင်းဆိုချက်များနှင့်ပတ်သက်၍ ရှင်းလင်းပွဲလုပ်ကာ ယင်းသို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှု အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်  နယ်မြေစိုးမိုးရရှိထားမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတို့အား ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက်ရိုက်ပေးအပ်ရန်၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉)ပါ တောင်းဆိုချက်များကို လိုက်နာလာအောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရန်၊ အကြမ်း ဖက်စစ်ကောင်စီက တရားဝင်မှုရရှိစေရန် ကြိုးပမ်းနေမှုများအားလုံးကို လက်မခံရန်၊ ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးကို ယခုထက်ပိုမို၍ လုပ်ဆောင်ရန် ဝိုင်းဝန်းဖိအားပေးရန်တို့ကိုလည်း တောင်းဆိုခဲ့သည်ဟု သိရသည်။

 

လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ခံမှု၊ တာဝန်ယူမှုများ ဖော်ဆောင်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေကြံဆလုပ်ဆောင်ရန်၊  အထွေထွေအတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသော ကုလသမဂ္ဂအေဂျင်စီများ၏ လုပ်ဆောင်နေမှု အစီရင်ခံစာတခုကို ပြင်ဆင်ရေးသားတောင်းဆိုရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။

သံတမန်ရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းစုမွန်အောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးဂျာဘေတ် အာလောမ်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

အဆိုပါသံတမန်ရှင်းလင်းပွဲကို Luxembourg နိုင်ငံသံရုံးနှင့် နှင့် International IDEAတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Aung Myo Min