တာချီလိတ်ဘက်က အလိုရှိသူများကို ချင်းရိုင်းခရိုင်အတွင်း ဖမ်းဆီးပေးခြင်းဖြင့် ထိုင်းစစ်တပ်က လျှို့ဝှက်ကူညီပေးမည်ဟုဆို၊ မယ်ဆိုင် အပါအဝင် ခရိုင်းခရိုင်အတွင်း နေထိုင်သည့် တာချီလိတ်ဘက်က တိမ်းရှောင်များ သတိထားရန် လိုအပ်

တာချီလိတ်ဘက်က အလိုရှိသူများကို ချင်းရိုင်းခရိုင်အတွင်း ဖမ်းဆီးပေးခြင်းဖြင့် ထိုင်းစစ်တပ်က လျှို့ဝှက်ကူညီပေးမည်ဟုဆို၊ မယ်ဆိုင် အပါအဝင် ခရိုင်းခရိုင်အတွင်း နေထိုင်သည့် တာချီလိတ်ဘက်က တိမ်းရှောင်များ သတိထားရန် လိုအပ်

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဆိုင်မြို့ အပါအဝင် ချင်းရိုင်းခရိုင်အတွင်း တာချီလိတ်ဘက်က အလိုရှိသည့် ထွက်ပြေး တိမ်းရှောင် မြန်မာများကို ဖမ်းဆီးရန် လိုအပ်ပါက လျှို့ဝှက်ဖမ်းဆီးကာ ချက်ချင်းလွဲပြောင်းပေးခြင်းဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်က တာချီလိတ်စစ်ဗျူဟာကို လျှို့ဝှက်ပြောကြားထား၍ ထိုင်းမြောက်ပိုင်းတွင် တိမ်းရှောင်နေကြသူများ သတိရှိရန်လိုအပ်မည်ဖြစ်သည်။ 

တာချီလိတ်ဘက်က စစ်တပ်အနေဖြင့် ထိုင်းနိုင်ငံ  ၊ ချင်းရိုင်းနှင့်မယ်ဆိုင်အတွင်းက အလိုရှိသည့် တာချီလိတ်ဘက်က ထွက်ပြေး တိမ်းရှောင် မြန်မာများကို ဖမ်းဆီးရန်လိုအပ်ပါက အချက်အလက်များ ပေးပို့လာနိုင်ပြီး ၎င်းတို့အနေဖြင့် လျှို့ဝှက်ဖမ်းဆီး ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဖမ်းဆီးပေးမှုကို သတင်းမီဒီယာများအပါအဝင် အခြားအဖွဲ့အစည်းများ မသိအောင် မြန်မာဘက်က လျှို့ဝှက်ပေးထားရမည်ဟု ထိုင်းစစ်တပ်က တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ ( TBC )ကနေတဆင့် တာချီလိတ်စစ်ဗျူဟာကို ၂၀၂၃ခုနှစ် မတ်လ၏ ပထမပတ်အတွင်းက လျှို့ဝှက်ပြောကြားထားကြောင်း တာချီလိတ်စစ်တပ်နှင့် အနီးစပ်ဆုံး ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။

"ထိုင်းစစ်တပ်က အာဏာသိမ်းကာလအတွင်းမှာ နိုင်ငံရေးကြောင့်၊ ဖောက်ခွဲရေးကြောင့် တာချီလိတ်ကနေ ထွက်ပြေးတိမ်းရှောင်လာတာတွေ အမှန်တကယ် မဖြစ်မနေ အလိုရှိတာတွေကို ဖမ်းပေးဖို့လိုအပ်ရင် အချိန်မရွေးပြော ဖမ်းပေးမယ်ဆိုတဲ့ သဘောပေါ့။ အဲ့လို ဖမ်းပေးရင်လည်း ဘယ်နေ့ ဘယ်နေရာမှာ ဘယ်လိုဖမ်းတာတို့ ဘယ်အဖွဲ့က ဖမ်းပေးတာတို့ကိုတော့ အပြင်ကို မပေါက်ကြားဖို့တော့ မြန်မာဘက်ကို ပြောထားတယ်။ အဲ့တော့ တာချီလိတ်က တိမ်းရှောင်တွေအနေနဲ့ မယ်ဆိုင်၊ ချင်းရိုင်နဲ့  တွေမှာ တိမ်းရှောင်ရင်တော့ သွားတာ လာတာ ဂရုစိုက်ဖို့လိုတာပေါ့။ နေတဲ့နေရပ်လိပ်စာကိုလည်း ဘယ်သူမှ ပေးမသိလေ ကောင်းလေပဲ။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

အထူးသဖြင့် တာချီလိတ်တွင် နေထိုင်ခဲ့ပြီး  ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများနှင့် ထိုင်းဘက်တွင်နေထိုင်ပြီး တာချီလိတ်ဒေသအတွင်း တော်လှန်ရေးလုပ်ဆောင်သူများကို ထောက်ပံ့သူများအနေဖြင့်လည်း သိုသိုသိပ်သိပ် သတိထား နေထိုင်သင့်သည်၏ ၎င်းက ဆိုသည်။

တာချီလိတ်မြို့တွင် USDP ပါတီရုံးဧရိယာအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် နေထိုင်သည့် ၎င်းတို့ သံသယရှိသည့် မြန်မာ(၁)ဦးကို ဖမ်းဆီးပေးရန်  မြန်မာဘက်က TBC ကနေ တဆင့် ထိုင်းစစ်တပ်၏ ကျောက်တာ့ခ်လှုပ်ရှားတပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်းမ်စိန်ထံ ဆက်သွယ်ပြီး ဖောက်ခွဲရေးသမားများသည် မယ်ဆိုင်ချောင်းက ခိုးကူးကာ တိမ်းရှောင်သွားပြီး မယ်ဆိုင်မြို့ပေါ် မုန်ဒဲန်းတွင် နေထိုင်သည်ကို သိရှိထား၍ ဖမ်းဆီးပေးနိုင်ရန် အကူအညီတောင်းရာမှ ထိုင်းစစ်တပ်က ကလေးငယ်(၂)ဦး အပါအဝင် မြန်မာမိသားစု(၄)ဦးကို ညတွင်းချင်း ချက်ချင်းဖမ်းဆီးပြီး နောက်တစ်နေ့တွင် မြန်မာစစ်တပ်၏ စစ်ကြောရေး လက်ထဲသို့ ချက်ချင်းလွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်ဘက်၏ ဖမ်းခိုင်းခြင်းကြောင့် ထိုင်းစစ်တပ်သည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ (၉)နာရီဝန်းကျော်အချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း မုန်ဒဲန်းရပ်ကွက်၊ (၂)လမ်းအတွင်းရှိ နေအိမ်သို့ သွားရောက်ပြီး ဖမ်းဆီးခြင်းဖြစ်ရာ ဖမ်းဆီးခံရသူများမှာ အသက်(၃၇)နှစ်အရွယ် စောလတ် (ခ) သိန်းသန်း နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၂၂)နှစ်အရွယ် ခင်မျိုးထက်(ခ)ထက်ထက်အပြင် ၎င်းတို့၏ သားသမီးငယ် (၂)ဦးဖြစ်သည့် အသက်(၂)နှစ်အရွယ် ထွန်းလင်းလတ် နှင့် အသက်(၁)နှစ်အရွယ် သွန်းရတီတို့ပါ ဖမ်းဆီးခံရမှုတွင် ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်  စောလတ် (ခ) သိန်းသန်းသည် ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့ကဖြစ်ပြီး ၎င်းသည် KNU ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်ဟု သိရသည်။



ထိုင်းစစ်တပ်က ဖမ်းဆီးပြီး နောက်တနေ့ဖြစ်သည့် မတ်လ(၁)ရက်နေ့တွင်မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား၏ မြန်မာဘက် တာချီလိတ်အခြမ်းသို့ ထိုင်းစစ်တပ်၏ ကျောက်တာ့ခ်လှုပ်ရှားတပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်းမ်စိန် နှင့်အဖွဲ့က လာရောက်လွှဲပြောင်းပေးပြီးနောက် စရဖက ၎င်းတို့၏ စရတ(တသခ)၊ ခွဲ(၂)၊ စု(၁)ရုံသို့ ခေါ်ဆောင်ကာ စစ်ကြောရေး ပြုလုပ်ကြောင်း သိရသည်၊။

"ဖြစ်လေ့ဖြစ်ထရှိတဲ့ မှုခင်းကိစ္စကြောင့်ဆိုရင်တော့ တမျိုးပေါ့။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဒီလိုကာလမှာ ကျွန်မတို့ ထိုင်းဘက်မှာ လုံခြုံမယ်ထင်လို့ ယုံကြည်လို့၊ ထိုင်းဘက်ကို ဒေသပေါင်းစုံကနေ တိမ်းရှောင်လာတဲ့လူကို မြန်မာဘက်က အကြောင်းအမျိုးမျိုးပြပြီး သံသယရှိတိုင်း ထိုင်းစစ်တပ်က ဖမ်းပေးတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။  မြန်မာစစ်တပ်က စစ်ကြောရေးမှာ မတရားညှင်းပန်း နှိပ်စက်တာတွေလုပ်လေ့ရှိတယ်ဆိုတာ ကြားနေရတော့ အခုလို ဖမ်းပေးတာကို တကယ် စိတ်မကောင်းဘူး။ ကလေးတွေလည်း ငယ်ငယ်လေးတွေပဲရှိသေးတယ်။ သူတို့ပါ ဖမ်းခံရတဲ့အထဲပါသွားကြတယ်။ "ဟု မယ်ဆိုင်မြို့နေသူ ကျန်ထေ့တီလဝုန်းက ပြောသည်။



မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းထားသည့်ကာလအတွင်း ပုဒ်မ ၅၀၅ တို့ဖြင့် အမှုဖွင့်ခံထားရသူများအပါအဝင် အာဏာသိမ်းအဖွဲ့က အလိုရှိသူများ၏ အချက်အလက်များနှင့် မှတ်တမ်းဓါတ်ပုံများကို တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)ကနေ တဆင့် ထိုင်းဘက်သို့ ပေးပို့ထားပြီး ထိုင်းနိုင်ငံဘက် ရောက်ရှိလာပါက ဖမ်းဆီးပေးရန်  လျှို့ဝှက် အကြောင်းကြားထားသည်။

ယင်းသို့ လျှို့ဝှက် ပေးပို့သည့်စာရင်းတွင်  အမေရိကန်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည့် Tachileik News Agency ၏ တွဲဖက်တည်ထောင်သူ ကိုဇောင်း၏ အချက်အလက်နှင့်ဓါတ်ပုံများလည်း  အာဏာစသိမ်းကာလအတွင်းက ပေးပို့ခံထားရသလို ဖောက်ခွဲရေးပြုလုပ်သူများဟု ဇွတ်စွဲခံထားရသူများ၏ ပုံများကိုလည်း လျှို့ဝှက်ပေးပို့ထားသည်များလည်း ရှိသည်။